Tuesday, August 28, 2012
ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ(လိုင်းကြေး) ရယူမှု တိုင်းကြားစာ
ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ(လိုင်းကြေး) ရယူမှု တိုင်းကြားစာ
သို့/
ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထဲရေး ၀န်ကြီး
ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန
နေပြည်တော်။
                                                                                         ရက်စွဲ။   ။ ၂၇.၈.၂၀၁၂
အကြောင်း အရာ။         ။ ရဲအရာရှိများ လောင်းကစား ဒိုင်များထံမှ လာဘ်ငွေ (လိုင်းကြေး) ရယူပြီး  ချဲဒိုင် နှစ်လုံးထီဒိုင် ၊ ဘောလုံးပွဲ ဒိုင်များအား တရားဝင် သဖွယ် ပြုလုပ်ခွင့် ပေးနေပါသဖြင့် နိုင်ငံတော် အနာဂတ် အတွက် ဆိုးရွားလာနိုင် ပါသဖြင့် အမြန်ဆုံး အရေးယူ ပေးပါရန် တိုင်ကြားခြင်း။
ကျွန်တော်သည် အောင်ချမ်း သာရပ်ကွက် သန်လျင် မြို့နယ်မှ ၀န်ထမ်း တစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ သန်လျင် မြို့နယ်တွင်  ၂ လုံးထီလောင်း ကစားမှုများ အလွန်ပေါများ နေပါသည်။
ယခုအချိန် အခါသည် နိုင်ငံတော် သမ္မတကြီးမှ ကောင်းမွန်သော အစိုးရ (Good Government)၊ သန့်ရှင်းသော အုပ်ချုပ်မှု (Clean Governance) ဖြစ်ပေါ်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူကိစ္စများကို ရှောင်ကျဉ် ကြရန် အဆက်မပြတ် သတိပေး ပြောကြားမှုများရှိ နေပါသည်။
ထိုသို့ နိုင်ငံတော် သမ္မတကြီးမှ အကြိမ်ကြိမ် ပြောကြားနေ ပါသော်လည်း ကျွန်တော်တို့  တောင်ပိုင်းခရိုင် တွင် တာဝန်ကျ နေသော ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိများမှာ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်ကို ဖုတ်လေသည့်ငါးပိ၊ ရှိလေသည့် ဟန်တောင်မရှိကြပါ။
နိုင်ငံတော်သမ္မတကြီးမှ တိုင်းပြည်တိုးတက် အောင်မည်သို့ ပင်ကြံဆောင် နေပါသော်လည်း ယခင်အတိုင်း လာဘ်ပေးလာဘ် ယူမှုများ လုပ်လျက် နိုင်ငံတော် အကြီးအကဲများ၏ တိုင်းပြည် တိုးတက်ရေး လုပ်ဆောင်နေ မှုများကို နောက်ကြောင်း ပြန်လှည့်အောင် လုပ်ဆောင်နေသည်လား ၊ သို့တည်းမဟုတ် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှုကို လုံးဝကိုဂရုမစိုက်လေ သည်လားပင် မသိရတော့ပါ။
ထိုသို့သော အကျင့်ပျက်ဝန်ထမ်းများကြောင့် တောင်ပိုင်းခရိုင်သန်လျင် မြို့နယ်တွင် ၂ လုံးထီ လောင်းကစားဒိုင် များမှာ ပေါ်ပေါ်ထင်ထင်ပင် ပြုလုပ်နေကြပါသည်။ ၂ လုံးထီလောင်းကစားဒိုင်များကြောင့် ရပ်ကွက်နေ ပြည်သူ လူထုမှာလည်း နေ့တဓူဝ လူမှုဒုက္ခ အမျိုးမျိုးကို ရင်ဆိုင်နေရပါသည်။
ထိုသို့ ၂ လုံးထီလောင်းကစားဒိုင်များ အတင့်ရဲစွာ လုပ်နိုင်ကြရန်လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး၊ ဦးစီး (၁) ဋ္ဌာနခွဲမှ နယ်မြေတာဝန်ကျ ရဲအုပ်ထွန်းထွန်းဝင်းနှင့် ရဲအုပ်အောင်စိုးနိုင်တို့မှ လာဘ်ငွေများရယူကာ အကာအကွယ် ပေးထားခြင်း ကြောင့် ဖြစ်ပါသည်။
ရဲအုပ်အောင်စိုးနိုင်နှင့် ရဲအုပ် ထွန်းထွန်းဝင်းတို့ လိုင်းကြေးငွေရယူပြီး အကာအကွယ်ပေးထားသော ၂လုံးထီ လောင်းကစားဒိုင်များမှာ--
၁။ ခင်ညို ၊ နှစ်လုံးထီလောင်းကစားဒိုင်ချုပ်၊ ဘုရာကုန်းကျေးရွာအုပ်စု၊ သန်လျှင်_ ခရမ်းသုံးခွကားလမ်းမ ဘေးရှိ ဝေဖြိုးသစ်စက်ဘေးအိမ်။
၂။ ၀င်းထွန်း ၊ ဒိုင်ချုပ်၊ မြို့မတောင်ရပ်ကွက် ၊ သဇင်လမ်း ၊ သန်လျှင်မြို့နယ်၊
၃။ နိုင်မင်းထက်(ဒိုင်)၊ ကညင်ပင် (၁)လမ်း ၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်။
၎။ ဒေါ်တင်နွဲ့(ဒိုင်)၊ ပတ္တမြားလမ်းထိပ်၊ ထမင်းနှင့် လဖေ့ရည်ဆိုင်၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်။
၅။ ထွန်းသန်း (ဒိုင်) ၊ကညင်ပင် (၂)လမ်း၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်။
၆။ ထွန်းနိုင်(ဒိုင်)၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ယခင်သီတာသဘောင်္ဆိပ်အနီး။
၇။အောင်ထွန်း (ဒိုင်)၊ အုတ်ဖိုစုရပ်ကွက်။
၈။ ကုလားကြီး (ဒိုင်) အောင်ချမ်းသာရပ်ကွက်၊ ဈေးအနီး။
၉။ နီနီမာ (ဒိုင်) အောင်ချမ်းသာရပ်ကွက် 
တို့ ဖြစ်ပြီး ကျွန်တော်မသိသေးသော အခြားဒိုင်များစွာလည်း ရှိပါ သေးသည်။
ထို့ပြင် ထိုရဲအရာရှိများမှာ ၄င်းတို့အားလစဉ်လိုင်းကြေးမပေးသည့်ဒိုင်များနှင့် လိုင်းကြေးပေးသော်လည်း ၄င်းတို့ ကျေနပ်လောက်သောငွေပမာဏ မပေးနိုင်သည့် ဒိုင်များအား ဖမ်းဆီးကာ အခြားဒိုင်များအား ခြိမ်းခြောက်ကာ ဆက်ကြေး ကောက်ခံသလိုမျိုး လိုင်းကြေးများကောက်ခံလျက်ရှိပါသည်။
          လွန်ခဲ့သော တစ်လခန့်က ၂ လုံးထီလောင်းကစားဒိုင် မလင်းလင်းကျော်၊ အမှတ်မရှိ ၊ ပတ္တမြားလမ်း၊ တာဝကွက်သစ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်နေသူအား ၄င်းလစဉ်ပေးနေကြ လိုင်းကြေးထက်ပိုတောင်းရာ မပေးနိုင်သဖြင့် ရဲအုပ်ထွန်းထွန်းဝင်းနှင့် ရဲအုပ် အောင်စိုးနိုင်တို့မှ ဖမ်းဆီးခြင်းခံခဲ့ပါသည်။
ထို့ကဲ့သို့ လိုင်းကြေး ပေးနေပါလျက် အဖမ်းဆီးခံခဲ့ရသော ၂လုံးထီ လောင်းကစားဒိုင်မလင်းလင်းကျော်၏ လစဉ်ပေး နေရသည့် လိုင်းကြေးငွေ စာရင်းအား စစ်ဆေးလိုကစစ်ဆေးကြည့်ရှုနိုင်ရန် တင်ပြပေးပါမည်။
ထိုရဲအရာရှိနှစ်ဦးမှာ ထိုသို့လိုင်းကြေးငွေများကောက်ခံရန်အတွက်  သန်လျှင်မြို့နယ်အတွင်းတွင် သတင်းပေး (informer) အားမွေးထားပြီး ထိုသူ ဘာလုပ်လုပ် (နှစ်လုံးထီရောင်းရောင်း ၊ မိုက်ကြေးခွဲခွဲ) ထိုရဲအရာရှိနှစ်ဦးမှ အကာအကွယ်ပေးထားလျက် သန်လျှင်မြို့နယ်အတွင်း စိတ်ထင်တိုင်းကြဲလျက်ရှိကြပါသည်။
 ထိုသတင်းပေး၏ အမည်မှာ အေးသိန်း (ဗိုလ်ချုပ်ရပ်ကွက် ၊ သန်လျှင်မြို့နယ်)  ဖြစ်ပါသည်။
 နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော် အကြီးအကဲများမှ သန့်ရှင်းသောအစိုးရ ၊ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်စေရန် အားတက်သရော ကြိုးစား နေချိန်တွင် ယခုလို မိမိကိုယ်ကျိုးအတွက် ဥပဒေကို လေးစားလိုက်နာရမည့် ကာကွယ်စောင့်ရှောက်ရမည့် ရဲအရာရှိများကိုယ်တိုင်  ဥပဒေကို လက်နှီးစုတ်တစ်ခုသဖွယ် သဘောထားကာထင်တိုင်းကြဲနေကြခြင်းမှာ အင်မတန်မှပင် ကြေကွဲဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ပါသည်။
ဤ ပုံအတိုင်းဆက်လက်သွားနေပါက နိုင်ငံတော် သမ္မတကြီးနှင့် တမျိုးသားလုံး အာသာငမ်းငမ်း တောင့်တာနေသော ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ မည်သို့မှ ရောက်ရှိနိုင်မည် မဟုတ်တော့ပါ။ ထို့ကြောင့် ထိုသို့သော တိုင်းပြည်အနာဂတ်ခရီးအတွက် ဆူးညှောင့်ခလုတ်သဖွယ်ဖြစ်နေသော၊ တမျိုးသားလုံး၏ အကျင့်စာရိတ္တ ကို ပျက်ပြားစေနိုင်သော၊ တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုဘ၀များကို ချွတ်ခြုံကျစေနိုင်သော ထိုရဲအရာရှိများ၏ အကျင့်ပျက် ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများအား အမြန်ဆုံး အရေးယူပြီး တိုင်းပြည်၏ အနာဂတ်ကို ကယ်တင်ပေးပါရန် လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။
 လေးစားစွာဖြင့်
အောင်မြင့်သန်း
သလန(နိုင်)၀၀၀၄၆၃
သာသနာ့မာန်တိုင်လမ်း အောင်ချမ်းသာ (၃) ရပ်ကွက်။
သန်လျင်မြို့နယ်
မိတ္တူကို
-       ရဲချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်။
-       ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုး။      
http://feeds.feedburner.com/thithtoolwin/yIWV
နယ်စပ်မြို့ မြ၀တီ မြို့ပေါ်က အာရှ လမ်းမကြီး ကောင်းစေချင်
နယ်စပ်မြို့ မြ၀တီ မြို့ပေါ်က အာရှ လမ်းမကြီး ကောင်းစေချင် 
- မြ၀တီသား
-၂၆.၈.၂၀၁၂
ကျွန်တော်တို့ နေထိုင်ရာ ကရင်ပြည်နယ် ရဲ့ ခရိုင်မြို့တော်ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မြ၀တီမြို့သည် ထိုင်း-မြန်မာ စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက် အာရှာလမ်းမကြီးနှင့် ဆက်စပ်ပြီး ဖောက်လုပ်ထားသော အာရှ လမ်းကြီးသည်လည်း မြ၀တီ -ကောကရိတ်-ဖားအံ မှ ရန်ကုန်-နေပြည်တော်သို့ ခရီးလမ်းပေါက် သော လမ်းမကြီးဖြစ်ပါသည်။ ချစ်ကြည်ရေးတံတားမှ ၀င်ရောက်လာသည်နှင့် မြန်မာနိုင်ငံရောက်ပြီ ဆိုသည့်အချက်ကို မြ၀တီဘက် တံတားဆင်းသည်နှင့် လမ်းမပေါ်က လကမ္ဘာကဲ့သို့သော တွင်းများ ခွက်များ က ကြိုဆိုလိုက်သဖြင့် အတတ်သိရတော့သည် ။
ဒါက အာရှလမ်းကြီးပင်ဖြစ်တော့သည်။
မိုးတစ်ဖွဲဖွဲ ရွာလိုက်ပြီဆိုလျှင်တော့ ရေများဖြင့် ပိုပြီး သွားလာရ ခက်တော့သည်ပင် ၊ မြ၀တီမြို့ပေါ် ရပ်ကွက်များမှ လမ်းများသည် ကားမပြောနှင့် မော်တော်ဆိုင်ကယ်ပင် သွားမရတော့ပေ ။
အရှလမ်း ဘုရင်နောင်ဈေးကြီးမှ မြို့ထွက်ဘက်ကို ဆင်သောနေရာတွင် ကားပင်မောင်မရလောက်အောင် ဆိုးဝါးနေသော ကားလမ်းကြီးမှာ ကျွန်တော် သိရသလောက်တော့ နှစ်ချီကြာမြင့်နေပေပြီ၊
ယခုအထိ အကြီးစား ပြင်ဆင်မှု့များ လုံးဝမလုပ်ပေ။
တစ်လ တစ်ကြိမ် ကျောက်ခဲများ လာထဲ့သွားသည်မှအပ ဘာမှ မလုပ်ပါ။
ထိုင်းဘက် ကမ်းနဖူးမှ မဲဆောက်အထိ အာရှာလမ်းမကြီးဆိုသည်မှ မြင်ဖူးမှ သိမည်သာဖြစ်သည် ကားပေါ်မှာ တင်ထားသည့် ကော်ဖီခွက်မှာ တစ်စက်ပင် မောက်ကျဖို့ မရှိပေ။
ကျွန်တော် မြ၀တီသား ရှက်မိပါတယ် ၊
စည်ပင်ကတော့ ထိုင်းက မနေနိုင်ဘဲ လာပြင်ပေးတာကို စောင့်နေသည်ဟုတော့ ထင်မိပါသည်၊
သို့သော် ဘယ်အချိန်လာပြင်မည်ကိုတော့ မသိရ မြ၀တီစည်ပင်က ကောက်သည့်အခွန်ကတော့ အချိန်တန်ရောက်လာသည်ပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတ ကြီးနှင့်တကွ အစိုးရ၀န်ကြီးများ သိရှိစေရန်နှင့် ကျွန်တော်တို့ မြ၀တီ လမ်းတွေကောင်းလာစေဖို့ ကျွန်တော် ဒီစာလေးကို ရေးလိုက်ရပါတယ်။
ကျွန်တော်တို့ မြ၀တီက မဲဆောက်နဲ့ နီးပေမယ့် အစစ အရာရာ အရမ်းကို ကွာနေပါသေးတယ်၊
ရေ-မီး-အင်တာနက် ကအစပါ၊ လမ်းလေးတွေကောင်းလာရင်တော့ ကျွန်တော်မြ၀တီသား အရမ်းကို ၀မ်းသာပါပြီး သေပျော်ပြီလို့တောင်ပြောရပါမည်။
လမ်းများကို ကောင်စေချင်တဲ့
- မြ၀တီသား
 ဆေးတက္ကသိုလ် (၂) ဆရာမတစ်ဦး၏ ပေးစာ
 ဆေးတက္ကသိုလ် (၂) ဆရာမတစ်ဦး၏ ပေးစာ
- naing naing
-၂၆.၈.၂၀၁၂
ကျွန်မသည် ဆေးတက္ကသိုလ် (၂) ပထမနှစ် First MB ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ကြား ပေးနေသည့် ဆရာမတစ်ယောက်ဖြစ်ပါသည်။
၂၀ သြဂုတ်လ ၂၀၁၂ မှ ၂၄ ရက် သြဂုတ်လ ၂၀၁၂ အထိ ကျောင်းသူ၊ ကျောင်းသားများ စာမေးပွဲဖြေဆိုသည့် ကာလ ဖြစ်ပါသည်။
စာမေးပွဲပြီးလျှင် ဆရာ၊ဆရာမများက အဖြေလွှာများကို စစ်ဆေးရပါသည်။
၅၀၀ ခန့်ရှိသော အဖြေလွှာများကို တနင်္လာ မှ သောကြာနေ့အထိ အလုပ်ချိန် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအတွင်း ဆရာ၊ ဆရာမ အင်အား ၁၅ ယောက်/၂၀ယောက်ဖြင့် စစ်ဆေးပြီး စီးနိုင်ပါသည်။
သို့ပါသော်လည်း ဆရာ၊ ဆရာမများအား သြဂုတ်လ ၂၅၊ ၂၆ ရက် စနေ၊ တနင်္ဂနွေနေ့များတွင် အဖြေလွှာများကို စစ်ဆေးရန် မလာမနေရ မလိုအပ်ဘဲ လာခိုင်းနေပါသည်။
သတ်မှတ်ရက်အတွင်း အလုပ်ပြီးစီးခြင်းသည် အဓိကဟု ယူဆပါသည်။
ဝန်ထမ်းများနားရက်ကို မလိုအပ်ဘဲ အလုပ်ဆင်းခိုင်းနေစရာမလိုဟု ယူဆပါသည်။
ဤသို့ အောက်ခြေတွင် မဟုတ်မတရား ဖြစ်ပျက်နေသည်များကို သက်ဆိုင်ရာ ဌာနအကြီးအကဲများ သိရှိအရေးယူပြုပြင် ဆောင်ရွက် ပေးနိုင်ပါရန် တင်ပြ လိုက်ပါသည်။
ဆရာမတစ်ဦး၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်
ပေးပို့သူ---naing naing
ဘားအံမြို့  မြို့ မရဲစခန်း စခန်းမှုး ရဲအုပ်ဝင်းနိုင်အကြောင်း
ဘားအံမြို့  မြို့ မရဲစခန်း စခန်းမှုး ရဲအုပ်ဝင်းနိုင်အကြောင်း 
-ကရင်ရဲတပ်ဖွဲ့ဝင်--၂၇-၈ -၂၀၁၂
ကရင်ပြည်နယ် ဘားအံမြို့  မြို့ မရဲစခန်း စခန်းမှုး ရဲအုပ်ဝင်းနိုင်အကြောင်း ဟစ်တိုင် မှတစ်ဆင့် ပြည်ထဲရေး ၀န်ကြီးနှင့် ရဲချုပ်တို့ သိရှိနိုင်ရန် ပြောပြ ပါရစေ။
ရဲအုပ်ဝင်းနိုင်သည် အထက်ဖါး၊ အောက်ဖိ သူတစ်ဦးဖြစ်ပါတယ်။
ပြည်နယ်မှုး၊ ခရိုင်မှုး၊ မြို့ နယ်မှုးတို့ကို ပိုင်အောင်ပေါင်းပြီး လက်အောက် ငယ်သား များအပေါ် ရိုင်းပြစွာ ဆဲဆို ထိုးကြိတ်ခြင်းများ လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။
စခန်းအတွင်းမှ ဒုရဲအုပ်များနှင့် အခြားအဆင့်များ အထိုးခံ၊ အဆဲခံနေကြရပါတယ်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေမှာ အဲ့ဒီလိုလုပ်ရမယ်လို့ မပါရှိပါဘူး၊ ထို့ကြောင့် ဒုရဲအုပ်များက ပြောင်းပြေးကြရသလို အခြားအဆင့်များက ရဲမှထွက်ပြေးပြီး ရဲပြေးတွေဖြစ်ကြရပါတယ်။
စခန်းပိုင်နယ်မြေအတွင်း လူသတ်မှု ၂ မှုဖြစ်ပွားတာကိုပေါ်အောင်မစုံစမ်းတက်ပေမယ့်၊ ရွှေဆိုင်က အမျိုးသမီး တစ်ဦးကို မယားငယ် အဖြစ်ပေါင်းသင်း နေထိုင်ပြီး အမှုသည်များထံမှ ခြိမ်းခြောက်ပြီးငွေများများရအောင် ဆောင်ရွက် နေသူဖြစ်ပါတယ်။
ယခင်က လိုင်စင်မဲ့ကားများကို လိုက်လံဖမ်းဆီးပြီး နေပြည်တော်သို့ပို့ရာတွင် ကားအကောင်းနှင့် အဟောင်းလဲလှယ်ပြီးပို့ပေး နေသူဖြစ်ပါတယ်။
KNLA အဖွဲ့မှ ကားတစ်စီးအား နေပြည်တော်ပို့ပြီးမှ ပြန်ပေးခွင့်ပြုခဲ့ရာ လဲလှယ်ထားသောကားဖြစ်နေ၍ KNLA အဖွဲ့ သို့ လျှော်ကြေးငွေပေးခဲ့ရသူဖြစ်ပါတယ်။
ခရိုင်မှုးအား ပိုင်အောင်ပေါင်း ထားပြီး ခရိုင်ရုံးအဖွဲ့ ကိုပင် ပြန်လည်အမိန့်ပေး၊ ဆဲဆို၊ ကြိမ်းမောင်းနေခဲ့သဖြင့် ခရိုင်ရုံးအဖွဲ့ သည် ခရိုင်ရဲကင်း ဖြစ်နေခဲ့ပါသည်။
ယခုအသစ်ပြောင်းလာမည့် ပြည်နယ်မှုး၊ ဒုပြည်နယ်မှုး တို့ကို ပိုင်အောင်ပေါင်းပြီး အောက်ခြေတွင် မဟုတ်တာများ ဆက်လက် လုပ်ဆောင်နေမည့် သဘော ရှိနေပါသည်။
ရဲအုပ်ဝင်းနိုင်သည် ရန်ကုန်မှ ပြဿနာဖြစ်၍ ရဲအရာခံအဆင့်လျှော့၍ ဘားအံသို့ပြောင်းရွှေ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဘားအံမြို့ တွင် ဒုရဲအုပ် အဆင့်ပြန်လည် ရရှိချိန်မှစ၍ လူကြီးများအား ပိုင်အောင် ပေါင်းကာ ယာဉ်ထိန်းအဖွဲ့ ခေါင်းဆောင်၊ နယ်ထိန်းအဖွဲ့ ခေါင်းဆောင်၊ ပြည်နယ်ဒုစရိုက်နှိမ်နှင်းရေး အဖွဲ့ခေါင်းဆောင်၊ မြို့ မစခန်းမှုး သည့် နေရာကောင်းများ ဆက်တိုက် ယူထားသော်လည်း အကျင့် စာရိတ္တလုံးဝ မကောင်းသူဖြစ်ပါသည်။
နေပြည်တော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ များလျို့ ဝှက်စွာစေလွတ်စစ်ဆေးပါက သည့်ထက်မက အဖြစ်မှန်များ ပေါ်ပေါက်နိုင်ပါသည်။
ရဲတပ်ဖွဲအတွင်း တပ်ဖွဲ့ဝင်များ မခံမရက်နိုင်ဖြစ်နေကြပါသောကြောင့် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့သိရှိနိုင်ရန် ဟစ်တိုင်မှ တစ်ဆင့် တင်ပြအပ်ပါသည်။
ကရင်ရဲတပ်ဖွဲ့ဝင်