Wednesday, July 25, 2012

ဖားကန့်ဒေသမှ ကချင်တိုင်းရင်းသားတစ်ဦး၏ ပေးစာ 

မြန်မာသားကောင်းသတင်းဌာနမှကူးယူဖော်ပြသည်။ 
(ဖားကန့်နေ ပြည်သူ တစ်ဦး အမည်နဲ့ ရောက်လာတဲ့ မေးလ်ဖြစ်ပါတယ်၊ ကျွန်တော် ကိုယ်ပိုင် အမြင် မဟုတ်ပါ. ကျွန်တော် ဆီ  ပို့လာတဲ့ ပေးစာ မှန်သမျှဖေါ်ပြမှာပါ.)
          ကျွန်တော်ကတော့ ကချင်ပြည်နယ်ဖားကန့်ဒေသမှာ နေထိုင်တဲ့ဒေသခံ တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဖားကန့်ဒေသဆိုတာ ကချင်ပြည်နယ်မှာ အလွန်ပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ဒေသတစ်ခုဖြစ်သလို ဖားကန့်ကျောက်စိမ်းကြောင့်လည်း ကမ္ဘာကျော်ဒေသတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်အခုအခါမှာတော့ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)ကြောင့် ကျွန်တော်တို့ဒေသရဲ့ အလှအပတွေ သယံဇာတတွေ ပျက်စီးပြီးလူမှုဒုက္ခ တွေနဲ့ ပင်လယ်ဝေနေရပါပြီ။ 
         အရင်တုန်းက ဖားကန့်ဒေသမှာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ ဘာသာရေး၊သာသနာ ရေးအလှူပွဲတွေနဲ့ တကယ်ပဲစည်စည်ကားကားရှိခဲ့ပေမယ့် အစိုးရနဲ့ KIA တပ်တွေ ငြိမ်းချမ်းရေးပျက်ပြားပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ဒေသဟာ ပျော်စရာမကောင်းတော့ပါဘူး။ KIA တပ်တွေအနေနဲ့ ကုမ္ပဏီတွေကနေ ငွေကြေးအများကြီး တောင်းခံနေလို့ ကုမ္ပဏီတွေလဲ မနေနိုင်တော့ပါဘူး။ လုပ်ငန်းရှင်တွေအနေနဲ့လည်း KIA ရဲ့ အမျိုးမျိုးနှိပ်စက်မှုတွေကြောင့် ဒီဒေသမှာ အလုပ်မလုပ်ကြတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဒေသခံတွေအနေနဲ့ အလုပ်ကမရှိ၊ ၀င်ငွေကမရှိ ဖြစ်နေကြပါတယ်။   
လမ်းတံတားတွေဆိုရင်လဲ KIA တပ်တွေဖျက်ဆီးထားလို့ သွားလာလို့မရတော့ပါဘူး။အဆိုးရွားဆုံးကတော့ ဖားကန့်ဒေသမှာရှိနေကြတဲ့သူတွေကို KIA က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ လူသစ်စုဆောင်းမှုတွေလုပ်နေတဲ့အပြင် ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားတဲ့နေရာမှာလည်း KIAတပ်ဖွဲ့ဝင်တွေက သွားရောက်နှောင့်ယှက်နေ ပါတယ်။ ဇူလိုင်လ(၂၄)ရက်နေ့က ကံဆီးရွာအလယ်တန်းကျောင်းကို KIA တပ်ဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျောင်းမှာ လွှင့်ထူထားတဲ့ နိုင်ငံတော် အလံကို အတင်းဖြုတ်ချခိုင်းပါတယ်။ ပြီးတော့ သူတို့ KIA အလံကို လွှင့်တင်ခိုင်းပါတယ်။ ဒီလိုမျိုး KIAအလံကိုနေ့စဉ် လွှင့်တင်ထားရမယ်လို့လဲ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက် ကျောင်းမှာရှိကြတဲ့ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ ၊ရွာသားတွေအားလုံးက အလွန်ပဲခံပြင်းဒေါသထွက်နေကြပါတယ်။ အဲဒီကျောင်းမှာ ကျောင်းသား (၁၀၀၀)ခန့် ရှိပြီး ဒီကျောင်းဟာ အစိုးရက ဖွင့်ပေးထားတဲ့ကျောင်းဖြစ်ပါတယ်။
      KIA အဖွဲ့တွေရဲ့ ဒီလိုမျိုးလုပ်ရပ်ဟာ သီးခြားဝမ်ပေါင်သမ္မတနိုင်ငံ ထူထောင်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းမှာ KIA က ကတိပြုပြောနေတဲ့ ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတဲ့ စကားကို အလေး အနက်မထားတဲ့သဘောဖြစ်နေပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအားလုံးကို စော်ကား လိုက်ခြင်းဖြစ်ပါတယ်။အမှန်တကယ်တော့ KIA ဆိုတာ ကျွန်တော်တို့ ကချင်မျိုးနွယ်စုတစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူတို့ဌာနချုပ်ရှိတဲ့ လိုင်ဇာကွက်ကွက်ကလေးသာကိုယ်စားပြုတာပါ။ အစိုးရကိုဆန့်ကျင်တယ်၊အစိုးရ တပ်တွေကိုတိုက်မယ်ဆိုရင်လဲ စစ်တပ်ရှိတဲ့နေရာတွေမှာ သွားတိုက်ရင် ကျွန်တော်တို့ အပြစ်မမြင်ပါဘူး။ အခုဟာက အရပ်သားတွေနေတဲ့နေရာတွေ၊ အရပ်သားဝန်ထမ်းတွေစတဲ့အရပ်ဘက်တွေကိုတိုက်ခိုက်နေပါတယ်။KIA ထောင်တဲ့ မိုင်းတွေကလဲ အရပ်သားတွေပဲ ထိ နေပါတယ်။ KIA မိုင်းကြောင့် ခြေပြတ်လက်ပြတ် လူစဉ်မမှီဖြစ်နေတဲ့ ဒေသခံ အရေအတွက်ဟာ ကျွန်တော်တို့ဖားကန့်ဒေသတစ်ခုထဲမှာပင် ရာနဲ့ချီပြီးရှိနေပါတယ်။
  ကျွန်တော်တို့ဖားကန့်ဒေသအပါအ၀င်ကချင်ပြည်နယ်နေရာအများအပြားမှာကချင်လက်နက်ကိုင် KIA တပ် တွေဟာအာဖဂန်နစ္စတန်နဲ့အီရတ်မှာရှိကြတဲ့ အစွန်းရောက် အကြမ်းသမားတွေရဲ့ပုံစံအတိုင်းလုပ်ဆောင်နေပါတယ်။ လူထုတွေအနေနဲ့ ငါဘယ်နေ့သေမလဲ၊ KIA က ဘာအကြောင်းပြချက်နဲ့လာသတ်မလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ အသက်ရှင်နေကြရပါတယ်။ မနေ့တစ်နေ့ကပဲ အစိုးရ၀န်ထမ်းတွေဖမ်းသွားပြီး သတ်ပစ်ခဲ့တာတွေရှိနေပါတယ်။ KIA အနေနဲ့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်မြောက်ရေးဆိုပြီး ပါးစပ်က ကြွေးကြော်နေပေမယ့် တကယ့် လုပ်ရပ်ကတော့ ကချင်ပြည်နယ်တစ်ခုလုံးမှာရှိကြတဲ့ လူထုတစ်ရပ်လုံး ဒုက္ခရောက်အောင်လုပ်နေပါတယ်။
          တပ်မတော်က ကာ/ချုပ်ကြီးအနေနဲ့ ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ဒုက္ခတွေကိုကယ်တင်ပေးစေချင်ပါတယ်။ ကာ/ချုပ်ကြီးရောက်ရှိတဲ့တပ်တွေ၊မြို့တွေမှာ ကာ/ချုပ်ကြီးပြောနေတဲ့ စကားကိုကျွန်တော်တို့ အလွန်သဘောကျပါ တယ်။ ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြခံဥပဒေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမြဲတန်းကာကွယ် စောင့်ရှောက်ဖို့ ပြောတဲ့စကားကြားရတော့ ကျွန်တော်တို့ ဖားကန့်ဒေသအပါအ၀င် ကချင်ပြည်နယ်ကလူထုတွေရဲ့ အကျိုးစီးပွားကိုလဲ ကာကွယ်စောင့်ရှောက်ပေးဖို့ ပြောပြချင်ပါတယ်။ ကျွန်တော်တို့လဲ ပြည်သူတွေပါပဲ။ ပြည်သူတွေ ရဲ့ဒုက္ခတွေကို ကာ/ချုပ်ကြီးတို့ တပ်မတော်ကလွှဲလို့ ဘယ်သူမှ မကာကွယ်နိုင်ပါဘူး၊ ဒါဟာမှန်သော စကား ပြောခြင်း ဖြစ်ပါတယ်။
          လက်ရှိအခြေအနေမှာတော့ KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သူတို့ရဲ့ လက်အောက်ခံတပ်တွေ၊ ဒေသခံ လူထုတွေကို သတင်းအမှားတွေ ပြောပြနေပြီး ငြိမ်းချမ်းရေးပျက်အောင် လုပ်နေကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ နှစ်ဦးနှစ်ဘက် ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြမယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးလို့ထင်ပါတယ်။  တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်တော်တော်များများအစိုးရနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူထား လို့ သူတို့ဒေသက ပြည်သူတွေ အေးအေးဆေးဆေး နေနိုင်ကြပါပြီ။ KIA အနေနဲ ငြိမ်းချမ်းရေးမယူဘဲနေတာ KIA ခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားတွေ လျော့နည်းသွားမှာစိုးရိမ်လို့ဆိုတဲ့ အချက်ကလွှဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် တပ်မတော် အနေနဲ့ ကချင်ပြည်နယ်မှာ ရှိကြတဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက် ပေးစေချင်ပါ တယ်ခင်ဗျာ…..။
                                                                                        ဖားကန့်ဒေသမှ တိုင်းရင်းသားတစ်ဦး                                           

စားစရာမရှိ လျှော်စရာရှိတဲ့ သုံးဆူငွေ ကောက်ခံရေး နှိပ်စက်မှု

ရွှေဟင်္သာသတင်းဌာန.  ၂၄ရက်နေ့ ဇူလိုင် ၂၀၁၂  —–  ကောက်ပြန်ပြီး ငွေတွေ၊ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ယခုနှစ်ကျင်းပသော မိုးရာသီ ဘောလုံးပွဲအတွက် ဆိုပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် (၂) ဦး တို့ မထည့်မနေရ ကောက်ခံနေပြန်ပြီး။
“ဘောလုံး သမားအကျီ င်္ဝယ်ဖို့ အတွက် ဆိုပြီး ငွေလိုက်ကောက်တယ် စေတနာအရလည်း မဟုတ်ဘူး သူတို့ သတ်မှတ်ချက် အတိုင်း တအိမ် ၁၀၀ ဘတ် ၂၀၀ ဘတ်၊ ဈေးဆိုင်ဆိုရင် ၅၀၀ ဘတ် ၊ လုပ်ငန်း ရှင်စတိုး ဆိုင်၊ ဆီဆိုင်ကြီးတွေ၊ ရော်ဘာခြံရှိတဲ့ သူတို့ ဆိုရင် ၁၀၀၀ ဘတ် ကောက်တယ်။ မထည့်ချင်လို့ လည်း မရဘူး မရှိရင် ရှိသလောက် ပေးရမယ်လို့ သူတို့က ရစ်ပြီး ရသလောက် ယူသွားတယ်”
အဆိုပါ ဘုရားသုံးဆူမြို့တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိသည့် အနက် အိမ်ခြေ ၄၀၀၀ ခန့်ရှိသည့် အမှတ် ၃ ရပ်ကွက် တစ်ခုတည်းတွင်သာ ရွေးချယ် ငွေကောက်ခံခြင်းဖြစ်သည်။ ထိုရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး အပါဝင် ကော်မီတီ အဖွဲ့ဝင် ၁၅ ဦးတို့ အထဲမှ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကိုကို နှင့် အဖွဲ့ဝင် ဦးအောင်၊ ဦးထိန်းတို့သည် ဇူလိုင် ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကောက်ခံခြင်းဖြစ်သည်။ ယင်းသို့ ကောက်ခံခြင်း မှာ ကျန်သည့် အဖွဲ့ဝင်များက မသိလိုက်ပေ။
“အမှတ် ၃ ရပ်ကွက်က ဘုရားသုံးဆူမြို့တ၀က်လောက်ရှိတယ်လေ၊ ပြီးတော့ အခုလို ပိုက်ဆံကောက်တာ လည်း အဖွဲ့ဝင် အားလုံး မသိဘူး သူတို့ ၃ ယောက်ပဲ ကောက်တယ် ဘောလုံးသမား ၀တ်စုံဝယ်ရင် လည်း ကုန်တဲ့ပိုက်ဆံက ဘတ် ၁၀၀၀၀ ခွဲ ၂၀၀၀၀ လောက်ပေါ့ဗျာ အခုသူတို့ ကောက်ရတဲ့ပိုက်ဆံက ခန့်မှန်းခြေ ၅၀၀၀၀ သောင်း ဘတ်လောက် ရတယ်လေ။

ဘုရားသုံးဆူနှင့် ထိုင်း နယ်စပ် ဂိတ်
ယခုလိုမျိုး ငွေကောက်ခံလို့  ငွေမထည့်ချင်ဘူးဆိုရင်  ပြသနာတခုခု ဥပမာ ခြံမြေရောင်ဝယ်ရေးကိစ္စ၊ အိမ် ဆောက်သည့် ကိစ္စ ၊ ခိုးမှု၊ လုယက်မှု စသဖြင့်ပေါ့လေ ကြုံတွေ့ခဲ့မယ်ရင် သူတို့ရုံးသို့ သွားရောက် တိုင်တန်း လျှင် သူတို့က အကူညီ မပေးဘူးလို့  ပြည်သူတွေကို ရစ်ထားပါသည်။ အာဏာပိုင်တွေက ငွေလိုလျှင်လည်း ဒီအမှတ် (၃) ရပ်ကွက်ကဘဲ အကောက်ခံရဆုံးဖြစ်ပါသည်။
ယခင် နှစ်စဉ်နှစ်တိုင်း မိုးရာသီဘောလုံးပွဲ ကျင်းပပြုလုပ်ရာတွင် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဦးဆောင် ပြီး ဘုရားသုံးဆူမြို့၌ ရပ်ကွက် အားလုံးကို စေတနာရှိသလောက် ကောက်ခံပြီး ပြည်သူအများစု ကလည်း ကျေကျေနပ်နပ် ဆန္ဒအလျှောက် ထည့်ကြသော်လည်း ယခုနှစ်တွင်မူ လူထုဆန္ဒမပါပဲ ခွဲခြားကောက် ခံခြင်းပြုလုပ်သည်ဟုဆိုပါသည်။
ကောက်ခံမှုတွေကတော့ နာမည်မျိုးစုံပါဘဲ။ မြို့ခံစီးပွားရေးကလည်း ဘာမှမရှိဘူးလေ။ ဒီတော့ အခက်အခဲ အများကြီးဖြစ်ပါတယ်။ အာဏာပိုင်တွေကလည်း ပြည်သူအပေါ်မှာ အကူအညီပေးတာ မရှိဘူး။ ငွေညှစ်တာဘဲ ရှိနေတယ်။
Written by မြို့ခံတဦး

ဖြစ်ကြောင်းရယ် ကုန်စင် မြိတ်မြို့တစ်ခွင်… (တိုင်ကြားစာ)

ဖြစ်ကြောင်းရယ် ကုန်စင် မြိတ်မြို့တစ်ခွင်… (တိုင်ကြားစာ):

ငါးမှုန့်(ပါကေး) စက်ရုံများ










ဒီမိုးဝေယံ .  ၂၄ရက်နေ့ ဇူလိုင် ၂၀၁၂  —-  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းတွင် ငါးမှုန့်(ပါကေး) စက်ရုံ(၄)ရုံရှိသည်။ ၎င်းစက်ရုံကြီးများကို နှစ်ပေါင်း တစ်ဆယ်ကျော်ခန့် ကတည်းက တည်ဆောက်ခဲ့သည်။ စစ်အစိုးရခေတ် အဆက်ဆက် တိုင်းမှုး အဆက်ဆက် ၎င်းစက်ရုံကြီးများကို လည်ပတ်လာခဲ့ရာ ယနေ့ခေတ်ဒီမိုကရေစီ အစိုးရလက်ထက်တိုင် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။
စက်ရုံများမှထွက်သော အနံ့ဆိုးများ၊အပုတ်နံများ၊ စွန့်ပစ်ရေများက မြိတ်မြို့တစ်မြို့လုံးကို ဒုက္ခပေးလျှက်ရှိသည်။ ရောဂါဖြစ်၍ သေဆုံးကုန်သော ပြည်သူများလည်း မနည်းတော့ပါ။ ၎င်းကိစ္စများကို တိုင်းမှူး အဆက်ဆက် ဖြေရှင်းပေးခဲ့ခြင်း မရှိသလို၊ ယနေ့ခေတ်တွင်လည်း မည်သူ တစ်ဦးတစ်ယောက်မှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။
၎င်းငါးမှုန့် စက်ရုံများအတွက် လုပ်ငန်းရှင်များမှ ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ငါးဖမ်းပိုက်ကွက် အသေးများကို အသုံးပြုကာ တရားမဝင် ဖမ်းဆီးလျက်ရှိသည်။ စက်ရုံအင်ဂျင်စက်များ လည်ပတ်ရန်အတွက် ဒီဇယ်ဆီကို အသုံးမပြုဘဲဈေးနှုန်းသက်သာသော သဘာဝထင်းများကို မတရားခုတ်ယူကာ အလွန်အမင်း အသုံးပြု နေခြင်းကြောင့် ယခင်ကရာသီဥတု သာယာမျှတသော မြိတ်မြို့သည် အလွန်အမင်း ပူပြင်းသောမြို့ အဖြစ်သို့ ရောက်ရှိလာလျှက် ရှိနေပြီ။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာန များမှလည်း  ပြည်သူအကျိုးကို မကြည့်ဘဲ ရေငုံနုတ်ပိတ်လျက် ရှိနေပါသည်။
ယခုအခါတွင် လွှတ်တော် ကျင်းပနေချိန်ဖြစ်ပြီး မြိတ်မြို့မှ (၂၀၁၀ ရွေးကောက်ပွဲအတွင်း မတရားနည်းဖြင့်) ရွေးချယ်ထားသော လွှတ်တော် အမတ်ဦးတင်ရှန်မှာ မြိတ်မြို့တွင် ဖြစ်ပျက်နေသော အမှန်တကယ် အရေးတကြီး လိုအပ်နေသည့်ကိစ္စများ၊ သစ်တော မတရားခိုးထုတ်နေသည့် အကြောင်း၊ လမ်းကိစ္စများ စသည့် အရေးတကြီး လိုအပ်ချက်များကို တင်ပြခြင်းမရှိသော ခပ်ညံ့ညံ့ အမတ်ဦးတင်ရှန်ကဲ့သို့သော အမတ်မျိုး မြိတ်မြို့တွင် မရှိသင့်ကြောင်းနှင့် မြို့နေလူထု အနေဖြင့် တညီတညွတ်တည်း ကန့်ကွက်သင့်ကြောင်း အကြံပြုတင်ပြ လိုက်ရပါသည်။
မြိတ်သားများ..
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုထံသို့ ပေးစာ

မြိတ်မြို့ ကျက်သရေဆောင် လမ်းများ..









တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။ မြိတ်မြို့မြို့သူ မြိတ်သားများ ကိုယ်စားတင်ပြချင်ပါတယ်။ ၀န်ကြီးချုပ်က ပြည်သူတွေ အမှန်တကယ် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဟုတ်ပါရဲ့လား။ ပြည်သူတွေရဲ့ အကျိုးအတွက် အမှန်တကယ် ဖြည့်ဆည်းပေးမဲ့သူ ဟုတ်ပါရဲ့လား။
မြိတ်မြို့ရဲ့မြို့တွင်းလမ်းတွေက အလွန်အမင်း ဆိုးဝါးနေကြောင်း အင်တာနက်သတင်းများမှ တင်ပြပြီးဖြစ်သော်လည်း လမ်းများကို လုံးဝပြုပြင်ခြင်းမရှိပါ။ ၎င်းလမ်းအပိုင်းကို ဘီအိုတီစနစ်ဖြင့် တာဝန်ယူသူမှာ ယုဇနကုမ္ပဏီမှ မြိတ်သားသူဌေး ဦးဌေးမြင့် ဖြစ်ကြောင်း သိရှိရသည်။ ရွှေးကောက်ပွဲ မတိုင်ခင်က လမ်းများကို မည်ကဲ့သို့ ပြုပြင်ပေးမည်ဟု ကတိအမျိုးမျိုး ပေးသော်လည်း လက်တွေ့မှာတော့ ဘာမှဘာမှ မဖြစ်မလာ ခဲ့ပါဘူး။
ဦးဌေးမြင့်သည် နိုင်ငံတော်ပိုင် (ပြည်သူတွေပိုင်)တဲ့ သယံဇာတ အမျိုးမျိုးကို မတရားသောနည်းဖြင့် ခိုးယူနေသူဖြစ်သည်။ အထက်(ထိပ်ပိုင်း)လူကြီးများနှင့် ရင်းနှီး၍ တော်ရုံ(တန်ရုံ) ၀န်ကြီးများကို ဂရုမစိုက်တတ်ကြောင်း ၎င်းကို ကြောက်နေရကြောင်း ၎င်းနှင့်နီးစပ်သူများမှ တဆင့်သိရှိရပါသည်။ အဲဒါတွေကြောင့် ၀န်ကြီးချုပ်ဦးမြတ်ကို အနေဖြင့် ဦးဌေးမြင့်ကို ကြောက်နေတာလား။ ထိုင်ခုံ ပျောက်သွားမှာ စိုးလို့လား။
ဒီလမ်းကိစ္စတောင်မှ မဆောင်ရွက်နိုင် တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ (ပြည်သူတွေမှာ လမ်းပြင်ဖို့ငွေ ထပ်ကောက်မှာလား) ပုံပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင်လာရောက် ခံစားကြည့်ပါ ၀န်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။
မြိတ်မြို့ခံတဦး

တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင်တွေသိပ်ကြောက်နေ


တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင်တွေသိပ်ကြောက်နေ:

တောင်ကြိးမြို့

သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၄ရက်နေ့  ဇူလိုင် ၂၀၁၂  —-
သို့- သျှမ်းသံတော်ဆင့်
နိုင်လိုမင်းထက်နဲ့ မတရားမှု ပြုကျင့်တဲ့နေရာမှာ အင်မတန် နာမည်ကြီး လှတဲ့ သျှမ်းပြည်နယ်၊ တောင်ကြီးခရိုင်ရဲတပ်မှူး (ခရိုင် ရဲမင်းကြီး) တစ်ယောက် နေပြည်တော်ကို အစည်းအဝေးတက်ဖို့ သွားတော့မယ် ဆိုရင် ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ရဲမြို့နယ်မှူးတွေ၊ စခန်းမှူးတွေ၊ ရဲကင်းမှူးတွေနဲ့ နယ်ထိန်းအဖွဲ့တွေ ဖိဆီးနှိပ်စက် ခံကြရပါတယ်။
ခရိုင်ရဲမှူးကိုယ်တိုင် ဖုန်းဆက်ပြီး – Blue Label အရက် ပုလင်းပါတဲ့ လက်ဆောင်ပန်းခြင်းတွေနဲ့ စခန်းတစ်ခုကို ငွေဘယ် နှစ် သိန်းလာပို့စမ်း – ဆိုပြီး အဓမ္မ ခေါ်တောင်း လေ့ရှိပါတယ်၊ မပေးရင် ရန်ငြိုးဖွဲ့ပြီး ပြဿနာ ရှာတတ်တာမို့ သူ့ကို   ကြောက်ပြီး မဖြစ်ဖြစ်အောင် လုပ်ပေး ဖန်တီးပေးနေရတယ်၊ သူ့ကားအတွက်ကိုလည်း ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်ဆို ပုံးလိုက်ပေးနေကြရတယ်၊ ဒါ့အပြင် လမ်းမှာစားသောက်ဖို့ စရိတ်တွေ အစားအစာတွေကိုလည်း လိုလေသေးမရှိ ဆောင်ရွက်ပေးကြရပေမဲ့ လက်အောက် တပ်ဖွဲ့ဝင် တွေအပေါ် ဘယ်တော့မှ အကောင်းမမြင် တတ်တဲ့အပြင် သူအလိုမကျရင် အငြိုးအတေးနဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွှဲသုံးစားပြီး နေပြည်တော်အစည်းအဝေးတက်ဖို့ အကြောင်းပြုပြီး အထက်လူကြီးများကို ကန်တော့ဖို့ဆိုပြီး တပ်ဖွဲ့ဝင် အချင်းချင်းအပေါ် နိုင်လိုမင်းထက်ပြုတတ်တဲ့ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင် တွေမှာ သိပ်ကြောက်နေရကြောင်း …… အမြင်မတော် အကြားမတော်လို့ အများသူငှာသိစေချင်လို့ သျှမ်းသံတော်ဆင့် ကတစ်ဆင့် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရခြင်းဖြစ်ပါတယ်….