Monday, February 6, 2012

“ ဒီမိုကရေစီ နှင့် မြန်မာပြည်”

အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။
အဲဒီလို လူမျိုးတွေကို ပြန်မေး လိုက်ချင် ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှ မြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။

တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင် စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။
အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။
ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။
သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန် ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။



အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်ထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။

ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။
သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။

မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။
အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။
အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။
ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။

အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။
ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။
တော်တော်များများက ဘွဲ့ရပြီးသားတွေ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။

နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေ ပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊
ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။
အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။

ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။
ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။

လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။
အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။

အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။
သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့ စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။

သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာ အိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။



တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။
ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။
အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။

ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နျူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။
သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။

ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။
အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။
တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။
မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပ်ရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။

သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။

အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။
အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။
ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။
ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။

တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။

တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက် ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။

မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများ ရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။

လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင် အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။
ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။

ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။

burma thwe 


source; http://hittai.net

ပိတ်ဆို့ အရေးယူထားမှု တချို့ အမေရိကန်က ပြန်ရုပ်သိမ်းမယ်

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ကြိုဆို အားပေးတဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ အရေးယူထားတာတွေထဲက တချို့ကို ပြန်လည် ရုပ်သိမ်းတော့မယ်လို့ အေပီသတင်းက ဖော်ပြလိုက်ပါတယ်။
Photo: AFP
အမေရိကန် ပြည်ထောင်စု သမတ ရုံးစိုက်ရာ ဝါရှင်တန် ဒီစီ မြို့တော်ရှိ အိမ်ဖြူတော် ဖြစ်ပါသည်။ (Photo: AFP)
မြန်မာအစိုးရ အပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး ဥပဒေတွေ အများအပြားရှိပါတယ်။ အခု ပြန်လည် ရုပ်သိမ်းမှုတချို့ ပြုလုပ်မှာက ၂၀၀၀ပြည့်နှစ် လူကုန်ကူးခံရသူများနှင့် အကြမ်းဖက်မှု ကာကွယ် တားဆီးရေး အက်ဥပဒေထဲက မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုတချို့ ဖြစ်ပါတယ်။ အဲဒီလို ရုပ်သိမ်းဖို့ သမ္မတ အိုဘားမားက သောကြာနေ့က အတည်ပြုလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအချိန် အင်္ဂါနေ့ မနက်၊ အမေရိကအချိန် တနင်္လာနေ့ ညနေပိုင်းမှာ လက်မှတ် ရေးထိုးဖို့ရှိတယ်လို့ အေပီသတင်းက ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကဏ္ဍမှာ အဆင့် ၃ ပဲ ရှိနေတာပါ။ အဓိပ္ပာယ်က မြန်မာအစိုးရဟာ လူကုန်ကူးမှုကို နိုင်နိုင်နင်းနင်း ထိထိရောက်ရောက် မတိုက်ဖျက်နိုင်သေးဘူးလို့ ဆိုတာပါပဲ။ ဒါကြောင့် အခုလို မြန်မာကို လူကုန်ကူးမှု ဥပဒေအောက်မှာ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းပေးတာဟာ တကယ်တော့ လူကုန်ကူးမှု တိုက်ဖျက်ရေး စွမ်းဆောင်ချက်တွေကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တစ်စုံတစ်ရာ ပွင့်လင်း လာတဲ့အပေါ် အိုဘားမားအစိုးရက ဆုပေးဖို့ ရည်ရွယ်တဲ့သဘော ဖြစ်ပုံရတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။ အခုလို လူကုန်ကူးမှု ဥပဒေအောက်မှာ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းပေးမယ် ဆိုပေမယ့် ကျန်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ရုပ်သိမ်း ပေးလိုက်တာတွေရဲ့အကျိုးဆက် အနေနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေဆီက အကူအညီတွေ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းနိုင်ဖို့ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာတွေမှာ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး လိုအပ်နေသေးတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။ ဒီအတွက် လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ အဓိက အရေးပါတဲ့ စမ်းသပ်မှုတစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
RFA


source; http://www.thithtoolwin.com

ဒီမိုကရေစီ

လင်းဇော်ထက်

ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ် ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာ
တွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများသည် ၄င်းတို့ကို ၄င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။ ၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝ ရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၄င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၄င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့ အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။


စကားလုံးရင်းမြစ်

ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အုပ်ချုပ်မှုအာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။
စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၄င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ Participatory Democracy သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။

နောက်ခံသမိုင်းအစ

သမိုင်းကြောင်းအရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်ပါသည်။ထိုစဉ်ကာလက အေသင်မြို့ပြနိုင်ငံ၏လူဦးရေမှာမများသကဲ့သို့ အေသင်ဒီမိုကရေစီစနစ်တွင်ပါဝင်သူ နိုင်ငံသားဦးရေမှာလည်းများသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံ နီးနီးရှိသော ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာ နိုင်ငံသားဟုသတ်မှတ်ခြင်းမခံရ၍ ပါဝင်နိုင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟု ဆိုရပေမည်။

အေသင်မှာ ကျင့်သောစနစ်

အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကိုထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ်ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများ ဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ့ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ) လက်ထက် တွင်ထိုဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂၀ ပြည့်ပြီးသော နိုင်ငံသားတိုင်းတက်ရောက်နိုင်သည်။ လူဦးရေ ၆၀၀၀ ကျော်ပါကအစည်းအဝေးအထမြောက်သည်။ မဲခွဲဆုံးဖြတ်ကြသောကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ် သဘောဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံးပြည်သူက တိုက်ရိုက် အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုနိုင်သည်။

စပါတာမှာ ကျင့်သောစနစ်

စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင်တည်ထောင် ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုး ဖွဲ့စည်းထားသော အသက်၆၀ ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ်ဥပဒေပြုကောင်စီ လည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်းပါသည်။ အသက်၃၀ အထက်ယောင်္ကျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ (Appella) ခေါ်လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းရေးပြည်ရာများဆွေးနွေးခြင်း၊ဥပဒေပြုကောင်စီဝင်များရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ် ကြိုးကိုင်အဖွဲ့ဝင် ငါးဦး(Ephors) ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီကသာ အာဏာရှိပြီး ဘုရင်မှာရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီ ဟုလည်း ခေါ်ဆိုနိုင်သည်။

ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ

မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။
ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့် အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။
တစ်ပါတီစနစ်ထားရှိသော နိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။
လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ - တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှု ဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၄င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ် လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၄င်းတို့က စောဒကတက်သည်မှာ လူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှု မရှိသေးဘဲ ၄င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။ 

ဒီမိုကရေစီစနစ်၏ အနှစ်သာရများ

(က)လွတ်လပ်စွာ တွေးခေါ်မှု။ ။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ဟာ အရာရာ တိုင်းမှာအမှန်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ။ အမှန်တရားနဲ့ အကောင်းဆုံးနည်း လမ်းဆိုတာ လူ့ဦးနှောက်က ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူဘယ် ၀ါရဲ့ ဦးနှောက်က ထွက်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူး ။ ဒါကြောင့် အမှန် တရားနဲ့အကောင်းဆုံးနည်းလမ်းတွေ ရရှိလာဖို့ လူတိုင်းဟာ မိမိတို့ရဲ့ ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ တွေးခေါ် ခွင့်ဆိုပြီး ပရမ်းပတာ ၊စည်းလွတ်ဝါးလွတ် တွေးခေါ်တာမျိုးဟာ ဒီမိုကရေစီနဲ့ လား လားမှ မလျော်ညီဘူး။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင် တွေးခေါ်ဖို့ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ ဖြစ်ပါတယ်။
(ခ) လွတ်လပ်စွာ ပြောဆိုမှု။ ။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ ဒါပေမယ့် လွတ်လပ် စွာပြောဆိုခွင့်ဆိုတာ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြောတာမျိုး ၊အကျိုးရှိရှိ ၊မရှိရှိ ပြော တာမျိုးဟာ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးရာရောက်ပါတယ်။ မဟုတ်မမှန် မတရားတဲ့ စကားတွေကို ပြောဆိုခြင်းဟာ လွတ်လပ်မှုကို အကျိုးမဲ့စေတယ်။ ခြုံ ပြီးပြောရရင် ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။ အလွဲသုံးစားမပြုရ ၊လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။
(ဂ)လွတ်လပ်စွာရေးသားခွင့်။အသိအလိမ္မာ ၊ ဥာဏ်ပညာဟာ ဒီမိုကရေစီ စနစ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အသိအလိမ္မာ ဥာဏ်ပညာခေါင်းပါးတဲ့ ဒေသတစ်ရပ်မှာ ဒီမိုကရေစီမထွန်းကားနိုင် ၊ လူတိုင်းအသိဥာဏ် ၊အဆင့်အတန်း မြင့်ဖို့လိုပါတယ်။ လမ်းမှန်ကို စဉ်းစားနိုင်ရမယ်။ လမ်းမှန်ကို စဉ်းစားနိုင်မှ မှန်တဲ့ စကားကို ပြောနိုင်မယ်။ တရားနည်းလမ်းကျတဲ့ အလုပ်ကိုလုပ်နိုင်မယ်။ ဒါမှ လူထု ဆန္ဒအမှန်ကို ဖော်ပြနိုင်မယ်။ လူထုကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်နိုင်မယ်။ ဒါကြောင့် လူထုအသိဥာဏ် တိုးတက်လာစေတဲ့ သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုတယ်။ အဲဒီရေးသားထုတ်ဝေ ခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာ တိမ်မြုပ်သွားနိုင်တယ်။ လူထုဆန္ဒ ဟာလည်း တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ စာရေးဆရာ ၊ သတင်းစာဆရာ များကလည်း လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပြီး ကလောင်သွားသမျှ လက် လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါး လိုက်စားရေးတာမျိုး မပြုအပ်ပါ။ ပြည်သူလူထုအကျိုးရှိမယ့် အကြောင်းအရာတွေ သာ မကွယ်မထောင့် ၀ံ့ဝံ့စားစား ရေးရပါမယ်။ ပါတီနိုင်ငံရေးခေတ်မျိုးတွင် ပါတီ သံယောဇဉ်ထားပြီး မလိုတစ်မျိုး ၊လိုတစ်မျိုး မရေးသင့်ဘူး ။ သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။
(ဃ) လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်။ ။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်သာမက လွတ်လပ်စွာနေထိုင်သွားလာ လုပ်ကိုင်စားသောက် ခွင့်ရှိသည်။ နိုင်ငံတော်၏ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်း လုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းလိုက်နာရတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကို သက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေမဲ့ လုပ်ပိုင်ခွင့်မရှိကြဘူး။
(င)လူထုဆန္ဒ။ များရာနိုင်တိုင်း မှန်သလား၊ လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဥာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ် စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။ အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကို ပေါက်ရောက်မယ်မဟုတ်ဘူး ။ဒီမိုကရေစီနဲ့ ပိုလို့ပင် အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့ အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘ၀လိုအပ်ချက်များ ရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဥာဏ်ပညာ အဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်စဉ်ကို လက် တွေ့ဘ၀မှာ မှန်ကန်စွာ ကျင့်သုံးလာနိုင်မယ် ဖြစ်ပါတယ်။
ဒီမိုကရေစီ၏ ဖြစ်စဉ်ကို အကျဉ်းချုပ်လေ့လာမည်ဆိုလျှင် လွန်ခဲ့သည့် ဘီစီ (၇၅၀)ခန့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမြို့ပြနိုင်ငံများတွင် အရွယ်ရောက် သည့် နိုင်ငံသားတိုင်း တိုက်ရိုက်စုပေါင်းဆွေးနွေးဆုံးဖြတ်သည့် စနစ်ဖြစ်ပါသည်။ ထိုခေတ်တွင် အေသင်နိုင်ငံ ငယ်သည် ဒီမိုကရေစီစနစ် အထွန်းကားဆုံးဖြစ်သည်ဟု ဆိုပါသည်။ အေသင်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ဒီမိုကရေစီစနစ်ဟု ခေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အေသင်မြို့သူ ၊မြို့သားအားလုံးသည် ကျယ်ဝန်းသည့်တစ်နေရာတွင် စုရုံးတွေ့ဆုံပြီး မဲပေးဆုံးဖြတ်သည့်စနစ်ကြောင့် ဖြစ်ပါသည်။ ထိုဂရိမြို့ပြ နိုင်ငံများတွင် ဒီမိုကရေစီထွန်းကားသည့် ကာလမှာ ကျေးပိုင်ကျွန်ပိုင်ခေတ် အဆင့်သာရှိပါသည်။ ထိုကာလ တွင် ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကျွန်ပိုင်ရှင်များသာ ခံစားခွင့်ရှိပါသည်။ (ကျေးကျွန်များတွင် ဒီမိုကရေစီ မရှိပါ) လူတိုင်းတူညီသည့် အခွင့်အရေး မရရှိခဲ့ကြပါ။ ဤအပေါ်အကြောင်းပြု၍ ဒီမိုကရေစီသဘောတရားကို အနောက်ဥရောပနိုင်ငံများက လက်တွေ့ဘ၀နှင့် ပေါင်းစပ်ပြီး အဆင့်ဆင့်ထူထောင်ကျင့်သုံးလာခဲ့ခြင်း ဖြစ် ပါသည်။ ယနေ့ ဒီမိုကရေစီနှင့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီတို့သည် လွန်စွာခြားနားပါသည်။
ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရဖြစ်ပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် အခြေခံအကျဆုံးဖြစ်၍ အများဆုံးအသုံးပြုကြပါသည်။ ထိုအဓိပ္ပါယ်ကို အဓိကပြင်ဆင်ချက်အနေဖြင့် နိုင်ငံများအနေဖြင့် အုပ်ချုပ်မှုကို ဆောင်ရွက်ကြရာတွင် ပြည်သူ တို့က တိုက်ရိုက်မလုပ်ဆောင်ကြဘဲ ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်များက အုပ်ချုပ်မှုကို လုပ်ဆောင်ကြသည်ဟု ဖွင့်ဆိုနိုင် သည်။ အချုပ်မှာ ပြည်သူတို့က လွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဆောင်ရွက်ကြသော အုပ်ချုပ်မှုသာလျှင်ဖြစ်ပေသည်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး သည် အားလုံးသောပြည်သူတို့၏ အကြိုက်ကိုလိုက်၍ ဆောင်ရွက်သည်ဟု ဆိုရပေမည်။ ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့် အုပ်ချုပ်သောအစိုးရဟူ၍ မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ သို့သော် ထိုအဖြစ်မျိုးကို အမြင့်ဆုံးစံအဖြစ်ထား၍ ထိုစံကို မီနိုင်သ၍မီရန် ဒီမိုကရေစီအစိုးရများ မည်မျှဒီမိုကရေစီ အနှစ်သာရကို ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာ၌ အောင်မြင်မှုအတိုင်းအတာသည် လွယ်ကူစွာ ခန့်မှန်း၍မရနိုင်ပေ။ မည်ရွေ့မည်မျှ အောင်မြင်သည်ဟူ၍ တိုင်းတာနိုင်ရန် အချက်သုံးချက် ရှိသည်။ ယင်း တို့သည် အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊ မည်မျှကြာရှည်ခံသည်ဟူ၍လည်းကောင်း ၊ရွေးကောက်ပွဲတွင် ပြည်သူတို့မည်မျှ စိတ်ဝေင်စားစွာ မဲပေးကြသည်ဟူ၍လည်းကောင်း ၊ ရွေးကောက်ပွဲမှာဖြစ်စေ ၊ အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်းဟုလည်းကောင်း ဖြစ်ပေသည်။ အတော်အသင့် ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီမျိုးသည် အောက်ပါအာမခံချက် ရှစ်ချက်ရှိနေမှသာ တည်မြဲနိုင်ပေ မည်။
  1. အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင် ခွင့် ။
  2. လွတ်လပ်စွာ မိမိ၏အာဘော်ကို ဖော်ပြနိုင်ခွင့် ။
  3. လွတ်လပ်စွာ မဲပေးနိုင်ခွင့် ။
  4. ပြည်သူ့ဝန်ထမ်းရာထူးအတွက် အရွေးခံနိုင်ခွင့်။
  5. နိုင်ငံရေးခေါင်းဆောင်တို့အဖို့ မိမိ၏ပါတီကို ပြည်သူတို့ ထောက်ခံမဲပေး စေရန် အပြိုင်အဆိုင် မဲဆွယ်ခွင့် ။
  6. သတင်းများကို အစိုးရဌာနများမှအပ အခြားဌာနများထံမှ ရနိုင်ခွင့် ။
  7. လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခွင့် ။
  8. အစိုးရမူဝါဒများကို ပြဌာန်းမည့်အဖွဲ့အစည်းများ၏ မဲဆန္ဒနှင့် အခြားဆန္ဒ များပေါ်တွင် တည်ရှိနိုင်ခွင့် တို့ဖြစ်သည်။powered by google sites

လူထုထံမှ သင်ယူသော နိုင်ငံရေး

လူထုထံမှ သင်ယူသော နိုင်ငံရေး

by So Min Oo on Tuesday, November 29, 2011 at 12:15pm
                                            Abraham Lincoln © Look and Learn

 "လူအများအပြားကို ခဏလေး ဖုံးကွယ်ထားခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။လူနည်းစုကို အကြာကြီး ဖုံးကွယ်ထားခြင်း ဟာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် လူအများကို အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။ လူထုကြီးဟာ ကောင်းကင်လိုပဲ ကျယ်ပြန့် ကြီးမားလို့ ဖြစ်ပါတယ်။ကျွှန်တော်ဟာ ရာထူးရာခံ ရှိတဲ့နေရာမှာ ရှိပြီး ရာထူးကြီးတဲ့ သူတွေရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲကို ဝင်ရာက် ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ငွေကြေးဓန အင်အားနဲ့ ရွေးကောက်ပွဲ လက်မှတ်ကို ဝယ်ပြီး လာတဲ့ လူချမ်းသာလည်း မဟုတ်ပါဘူး။ကျွှန်တော်ဟာ နေ့စဉ်နေ့တိုင်း လူထုကြီးနဲ့ အနီးကပ်နေပြီး နိုင်ငံရေးကို သင်ယူခဲ့တာပါ။
လူထုကြီး ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ မျှော်လင့်ချက် အိပ်မက်တွေကို သိဖို့ တခါတလေ အစာငတ်ခံခဲ့ရပြီး တခါတလေ လူထုကြီးဆီက ပေါင်မုန့်လေး တစ်ဖဲ့ကို တောင်းရမ်း စားသောက်ပြီး လူထုကြီးနဲ့ စကားတွေ ဖလှယ်ခဲ့ပါတယ်။ ကျွှန်တော် အမြဲတမ်း စဉ်းစား မိတာကတော့ နိုင်ငံရေးဆိုတာ လူထုအတွင်းကနေ သင်ယူရမယ်ဆိုတာ မုချမသွေပါပဲ။ လူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေ ဝမ်းနည်းပူဆွေးမှု၊ ဝမ်းသာမှုတွေကို သိထားတဲ့ နိုင်ငံရေးသမားဟာ လူထုကြီးကို သစ္စာမဖောက်နိုင်လို့ပဲ ဖြစ်ပါတယ်။"


အထက်ပါ စကားသည် ၁၈၃၂ခုနှစ်က အမေရိကန်နိုင်ငံ အလယ်ပိုင်းမြို့ တစ်မြို့ဖြစ်သော စပရင်းဖီးလ်(Springfield) တွင် ပြည်နယ်အမတ်လောင်း တစ်ဦးဖြစ်သော လင်ကွန်းမှ မဲဆန္ဒရှင်များ ရှေ့တွင် ပြောကြားခဲ့သော ရွေးကောက်ပွဲ စည်းရုံးရေး မိန့်ခွန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။လင်ကွန်းသည် ထိုမိန့်ခွန်း ပြောနေစဉ်မှာပင် ခံစားမှုများ ပြင်းထန်ကာ မျက်ရည်များ ကျလာသည့်အတွက် မိန့်ခွန်းပြောမှုအား ခေတ္တ ရပ်နားခဲ့ရသည်ဟု နောက်ပိုင်း လင်ကွန်းအကြောင်းအား သုတေသန ပြုလုပ်နေသူများမှ ဆိုပါသည်။ထိုသူများ အဆိုအရ လင်ကွန်းဟု ခေါ်သော ဆင်းရဲသား အညတရ တစ်ယောက်က ကမ္ဘာမှာ အကောင်းဆုံး နိုင်ငံရေးသမား ဖြစ်လာနိုင်စေရန် လျှို့ဝှက်ချက်များ ရှိခဲ့သည်ဟု ဆိုပါသည်။ နိုင်ငံရေး သုတေသီများမှ ထိုလျှို့ဝှက်ချက်သည် "ရိုးသားပွင့်လင်းမှု" ဆိုသည့် အချက်ဖြစ်သည်ဟု သုံးသပ်ယူဆကြသည်။

လက်တွေ့တွင်လည်း လင်ကွန်းသည် ရိုးသားပွင့်လင်းမှု မှလွဲ၍ တခြား ပိုင်ဆိုင်မှု ဘာမျှမရှိသော လူတစ်ဦးဖြစ်ပေသည်။ စပရင်းဖီးလ် (Springfield)မြို့တွင် "ဆင်းရဲသားအညတရ လင်ကွန်း" ဟု လူသိများခဲ့သူ လင်ကွန်းသည် နိုင်ငံရေးအတွေ့အကြုံ နှင့် ငွေကြေးဓနအင်အား ပြည့်စုံသော တခြား အမတ်လောင်းများကြားတွင် ပေါ်လွင်မှု မရှိသော သူတစ်ဦးဖြစ်ပေသည်။ တခြား အမတ်လောင်းများမှ မဲဆွယ် စည်းရုံရေး မိန့်ခွန်းများကို ပြေပြစ်စွာ ပြောကြားခဲ့သော်လည်း လင်ကွန်းမှာမူ မိန့်ခွန်းပြောရာတွင် အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြေပြစ်စွာ ပြောဆိုနိုင်ခဲ့ခြင်း မရှိသော အမတ်လောင်း ဖြစ်ခဲ့ပေသည်။ သို့သော် စပရင်းဖီးလ် (Springfield) မြို့မှ ပြည်သူလူထု ကြီးသည် အမတ်လောင်းများ အနက်မှ လင်ကွန်းအား ရွေးချယ်ခဲ့ကြလေသည်။ "ဘာဖြစ်လို့ လင်ကွန်းကို ရွေးချယ်ကြတာလဲ"ဟု မေးမြန်းခဲ့သည့် သတင်းထောက်များ၏ မေးခွန်းအား လူထုကြီးမှ အောက်ပါအတိုင်း ဖြေကြား ခဲ့ကြလေသည်။

"လင်ကွန်းဟာ ကျွှန်ုပ်တို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ လူတစ်ဦး ဖြစ်လို့ပဲ"

လူထုနှင့် တစ်သားတည်း ဖြစ်နေသောသူ၊ ထိုအချက်သည် လင်ကွန်း၏ နိုင်ငံရေး လက်နက်တစ်ခု ဖြစ်ပေသည်။ လင်ကွန်းသည် ထိုလက်နက်ဖြင့် လူထုကြီး၏ ဝမ်းနည်းပူဆွေးမှု၊ ဝမ်းသာမှုများအား သိရှိခဲ့ရပြီး၊ လူထုထံမှ၊ လူထုအတွက်၊ လူထုနိုင်ငံရေးအား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ကိုရီယား သမိုင်းပညာရှင် ဂျော်ဆူန်ဂျု ရေးသားပြုစုသော "နိုင်ငံရေးတွင် စမ်းသပ်လေ့ကျင်မှု ဆိုတာ မရှိပါ" စာအုပ်အတွင်းမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်။
ကိုလူချစ်(ကိုရီးယား)
source; http://burmainfokorea.blogspot.com

ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည်

by Swe Swe Kyi on Monday, February 6, 2012 at 5:06pm
အခြေခံဥပဒေပြင်ဆင်ရေး သုံးသပ်ချက်
By:ဟန်တင်အောင်




ကြားဖြတ်ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အခြေခံဥပဒေပြင်ဆင်ဖို့လိုတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုချက်ကလဲ ကျယ်လောင်လာတဲ့သဘောရှိတယ်။ အခြေခံဥပဒေ ပြင်နိုင်ပါ့မလား မဆွေးနွေးခင် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီ ဘယ်အတိုင်းအတာထိ အမတ်နေရာ နိုင်မလဲဆိုတာ အရင်စဉ်းစားဖို့လိုတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၈ နေရာလုံးပြိုင်မဲ့ပါတီကြီးဆိုလို့ ကြံ့ဖွံ့ပါတီနဲ့ အန်အယ်ဒီသာရှိပါတယ်။ လစ်လပ်သွားတဲ့ အမတ်နေရာတွေဟာ ကြံ့ဖွံစည်းရုံးထားတဲ့ မဲဆန္ဒနယ်တွေဖြစ်တယ်။ ဒါကြောင့် ကြံ့ဖွံ့ပါတီဘက်ကလဲ သူ့မဲဆန္ဒနယ်တွေ လက်မလွတ်အောင် နည်းမျိုးစုံနဲ့ (မတရားနည်းဖြစ်ဖို့များတယ်) နိုင်အောင် ကြိုးစားမှာဖြစ်တယ်။ ညစ်ပတ်မှုကင်းပြီး သမာသမတ်ရှိတဲ့ကြားဖြတ် ရွေးကောက်ပွဲမျိုးသာဆိုရင် ဒေါ်စုအရှိန်အ၀ါနဲ့ အန်အယ်ဒီဘက်က အများစုနိုင်မှာ မုချဧကန်ပါ။

ဒါပေမဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံအရ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဆိုတာဘာလဲ။ ဘယ်ပေတန်နဲ့ တိုင်းမလဲဆိုတာက အရေးကြီးတယ်။ အနောက်နိုင်ငံတွေဘာပြောပြော ဒီအစိုးရဟာ သူ့ကိုယ်ပိုင် ပေတန်ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအဖွဲ့အစည်းတွေကို ဖင်ခုထိုင်ထားတဲ့အစိုးရဆိုတာ မမေ့ဖို့လိုတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဂျပိုးကိုလိပ်ဖြစ်အောင် လုပ်ခဲ့တဲ့ သာဓကတွေရှိတယ်။ နိုင်သူတွေ ရှုံးခဲ့တဲ့ သာဓကတွေ ရှိတယ်။

ဒါကြောင့် အန်အယ်ဒီ အလွယ်တကု နိုင်မလားဆိုတာ စိတ်ကူးယဉ်လို့မရ။ နိုင်ပြီဆိုဦးတော့ လွှတ်တော်ထဲမှာ ဘယ်လောက်ထိ ပြောခွင့်ရှိမလဲပါ တွက်ကြည့်ဖို့လိုတယ်။

ကြားဖြတ်ရွေးကောက်ပွဲဆိုတာ

ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ဒုဝန်ကြီး ဖြစ်သွားသူတွေ၊ သမ္မတ ဒုသမ္မတ ဖြစ်သွားသူတွေကြောင့် လစ်လပ်သွားတဲ့ အမတ်နေရာတွေအတွက် သီးသန့် ရွေးကောက်တင်မြှောက်တဲ့ပွဲမို့ ကြားဖြတ် ရွေးကောက်ပွဲလို့ခေါ်တယ်။ စောစောက ရာထူးတွေ ရသူအားလုံးဟာလဲ ကြံ့ဖွံ့အမတ်တွေသာ ဖြစ်တဲ့အတွက် လစ်လပ်နေတဲ့ ကြံ့ဖွံ့အမတ်နေရာ ၄၈ နေရာဟာ ကြံ့ဖွံ့မဲဆန္ဒနယ်တွေမှာသာ လစ်လပ်တဲ့ ၄၈ နေရာဖြစ်တယ်။ ပြောရရင် ကြံ့ဖွံ့ပေးကမ်းထားတဲ့ မဲဆန္ဒနယ်တွေဆိုတာ မမေ့ဖို့ လိုတယ်။ ဒီနေရာတွေကို အန်အယ်ဒီ အမတ်လောင်းတွေ ပြိုင်ရမှာဖြစ်တယ်။

နောက်တချက်က လက်ရှိ ဦးသိန်းစိန်အစိုးရ ၅ နှစ် သက်တမ်းဟာ နောက်ထပ် ၃ နှစ်သာကျန်တော့တယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီနိုင်ရင်လဲ လွှတ်တော်ထဲမှာ ၅ နှစ်အပြည့် လုပ်ခွင့်မရတော့ဘဲ ၃ နှစ်သာ လုပ်ကိုင်ခွင့်ရမှာဖြစ်တယ်။ အထူးသဖြင့် ၂၀၁၂ ခုအတွက် လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူနေပြီမို့ ဧပြီလ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ခေါ်စရာ အကြောင်းမရှိတာ့ပါ။

ဒါကြောင့် ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုနဲ့ အန်အယ်ဒီအမတ်တွေ နိုင်ခဲ့ရင် ၂၀၁၂ ကုန်တဲ့ထိ အိမ်မှာ ငုတ်တုတ်ထိုင်နေပြီး လာမဲ့ ၂၀၁၃ ခုနှစ် လွှတ်တော်အစည်းအဝေးမှသာ လွှတ်တော်ထဲရောက်မှာဖြစ်တယ်လို့ အစိုးရလက်ဝေခံ ဘလော့ဆိုက်တချို့က ငေါ့တော့တော့လိုလို အတည်လိုလို ရေးကြတယ်။

အန်အယ်ဒီနိုင်ရင် ဘာလုပ်နိုင်မလဲ

လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ အမတ်နေရာ ၄၈ နေရာ ပြိုင်ရမယ်။

ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၄၀ ရှိပြီး အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်တွေမှာ ၂ နေရာ လစ်လပ်တယ်။ ဒါကြောင့် လစ်လပ်နေရာ အများဆုံးရှိတဲ့ ပြည်သူ့လွှတ်တော်နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အန်အယ်ဒီက အနိုင်ရအောင် ကြိုးစားရမှာဖြစ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီက အများစုနိုင်လို့ ပြည်သူ့လွှတ်တော်မှာ ဘာလုပ်ခွင့်ရမလဲဆိုတာ မဆွေးနွေးခင် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ရဲ့ အနေအထားကို အရင်ဆုံး သိထားဖို့လိုတယ်။ ပုံ(၁) ကိုကြည့်ပါ။



ပုံ(၁) မှာပြထားတဲ့အတိုင်းဆိုရင် လက်ရှိ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံအမတ်ဦးရေက ၅၉ %နဲ့ အများစုရထားပြီး ကျန်ပါတီတွေက ၁၆% သာရှိတယ်။ အခြေခံဥပဒေအရ စစ်ဗိုလ်အမတ်က ၂၅% အလိုလိုရထားတယ်။

ဒီနေရာမှာ စဉ်းစားရမဲ့အပိုင်းက အရေးပါတဲ့ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀ လုံး အန်အယ်ဒီက နိုင်မလားဆိုတဲ့ အချက်ဖြစ်တယ်။ လက်တွေ့မှာ မဖြစ်နိုင်ပေမဲ့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၀လုံးကို အန်အယ်ဒီနိုင်တယ်လို့ သဘောထားတဲ့ Scenario ဆင်နာရီယိုနဲ့ကြည့်ရင် ပြောင်းလဲသွားမဲ့ ပြည်သူ့လွှတ်တော် အနေအထားကို အောက်ပါ ပုံ(၂) မှာပြထားတဲ့အတိုင်း တွေ့ရမှာဖြစ်တယ်။




ပုံ(၂) မှာ ပြထားတာက ပြည်သူ့လွှတ်တော် နေရာ ၄၀ လုံးကို အန်အယ်ဒီနိုင်ရင်တောင် အန်အယ်ဒီဟာ ပြည်သူ့လွှတ်တော်အမတ်ဦးရေအားလုံးရဲ့  ၉% သာရှိမှာဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီအမတ်က ၅၀% စစ်ဗိုလ်အမတ်က ၂၅% နဲ့ ကျန်ပါတီအမတ်တွေက ၁၆% ဘဲ ရှိနေမှာဖြစ်တယ်။ ၁၆% ကျန်တဲ့ပါတီတွေကလဲ အများစုက ကြံ့ဖွံ့ပါတီနဲ့ တနည်းနည်း ဆက်စပ်နေတာမို့ အတိုက်အခံအနေအထားက ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာလဲ ပြည်သူ့လွှတ်တော်မှာ မရှိသလောက် အားနည်းနေဦးမှာ ဖြစ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက ၉%သာရှိမယ်ဆိုတာ လစ်လပ်တဲ့ ပြည်သူ့လွှတ်တော်နေရာ ၄၀လုံး နိုင်တယ်ဆိုတဲ့ ဆင်နာရီယိုအပေါ် အခြေခံ တွက်ထားတာ ဖြစ်တယ်။ ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီ နိုင်တဲ့အမတ်နေရာ ၄၀ ထက်လျော့လေ အန်အယ်ဒီရဲ့ ပြည်သူ့လွှတ်တော် အနေအထားက ၉%အောက် ကျလေဖြစ်မှာ သေချာနေတယ်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက လစ်လပ်နေရာ ၄၀လုံး နိုင်တောင် ကြံ့ဖွံ့အမတ်တွေက ၅၀%နဲ့ ပြည်သူ့လွှတ်တော်ကို ဆက်ပြီး လွှမ်းမိုးထားဦးမှာဖြစ်တယ်။ ဒါကြောင့် အန်အယ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၄၀လုံး နိုင်မယ်ဆိုရင်တောင် ပြည်သူ့လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရမှာ သေချာနေတယ်။ ဒီအချက်က အန်အယ်ဒီဟာ အတိုက်အခံအနေအထားနဲ့ ပြည်သူ့လွှတ်တော်မှာ မရပ်တည်နိုင်တာ ညွှန်ပြနေတယ်။

ဆိုလိုတာက ပြည်သူ့လွှတ်တော်မှာ စုစုပေါင်း အမတ်ဦးရေရဲ့ အများဆုံး ၉% (လက်တွေ့မှာ ဒိထက်နည်းနိုင်) ထက် ပိုမရနိုင်တဲ့ အန်အယ်ဒီက အခြေခံဥပဒေ ၂၀၀၈ ကို လွှတ်တော်ထဲကနေ ပြင်မယ်ဆိုတာ ဖြစ်နိုင်ချေရှိမရှိ စဉ်းစားဖို့ဖြစ်တယ်။

သေချာတာကတော့ လွှတ်တော် ပထမ ၅ နှစ်သက်တမ်းရဲ့ ကျန်တဲ့ ၃နှစ်တာကာလအတွင်းမှာ အန်အယ်ဒီက အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဖို့အခွင့်အလမ်း မရှိတာ ရှင်းနေတယ်။ ဒါက လွှတ်တော်တွင်း အတိုက်အခံအင်အားမရှိတဲ့ ရှုထောင့်ကနေ သုံးသပ်ထားတာဖြစ်တယ်။ ( ဥပဒေကြောင်းအရ ဘာကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေး မလုပ်နိုင်သလဲ အသေးစိတ်ကို နောက်ပိုင်းမှာ ရှင်းထားတယ်)။

အခြေခံဥပဒေ ဘယ်လိုပြင်မလဲ

ဒေါ်စုက အခြေခံဥပဒေပြင်ဆင်ရေးကြွေးကြော်နေချိန်မှာ ကြံ့ဖွံပါတီ ခေါင်းဆောင် ဦးဌေးဦးကလဲ အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာမရှိဘူးလို့ ချေပပြောဆိုပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပီး အန်အယ်ဒီခေါင်းဆောင် ဒေါ်စုနဲ့ ကြံ့ဖွံပါတီခေါင်းဆောင် ဦးဌေးဦးတို့ ခေါင်းနဲ့ ပန်းလို အမြင်ဘာကြောင့် ခြားနားနေရသလဲ။ အဓိက ခြားနားချက်က ဒေါ်စုက ဒီမိုကရေစီရေးလိုလားသူတွေကို ကိုယ်စားပြုပေမဲ့ ဦးဌေးဦးက အခြေခံဥပဒေ ၂၀၀၈ ဖြစ်လာအောင် နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်ပိုင်းကို ဆက်ပြီး ကိုယ်စားပြုသူမို့ ဖြစ်တယ်။

အခြေခံဥပဒေ ပြင်စရာရှိတယ်ဆိုတဲ့ ဒေါ်စုအပိုင်းမှာ အဓိက အားနည်းချက်ရှိတယ်။

ဒါကတော့ အခြေခံဥပဒေ ၂၀၀၈ ရဲ့ ဘယ်ပုဒ်မတွေ ပြင်ထိုက်တယ်။ ဘာကြောင့် ပြင်ထိုက်တယ်ဆိုတာကို ပြည်သူတွေနားလည်အောင် ရှင်းမပြနိုင်တဲ့အချက် ဖြစ်တယ်။ အခြေခံဥပဒေမှာ ပြည်သူအကျိုးမပြုတဲ့ ပုဒ်မတွေပါနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောပေမဲ့ လူထုအကျိုးပြုတာ မပြုတာကို ဘာစံနဲ့ အကဲဖြတ်သလဲဆိုတာတော့ ပြောမသွားပါ။ တဘက်ကလည်း ဒီအခြေခံဥပဒေဟာ စစ်တပ်ကို အာဏာအလွန်အကျွံပေးထားတယ်လို့ မကြာခင်ကပဲ ၀ါရှင်တန်ပို့စ်သတင်းစာကို ဒေါ်စုပြောခဲ့တယ်။

အမှန်မှာ ဒေါ်စုက အဆင့်တွေကျော်ပြီး ပြောနေတာဖြစ်တယ်။ အခြေခံဥပဒေ ၂၀၀၈ မှာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ ပုဒ်မတွေပါနေတယ်။ ဒီပုဒ်မတွေကြောင့် အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာအလွန်အကျူးပေးထားတာတွေ ဖြစ်နေတယ်။ ဒီမိုကရေစီရေးနဲ့ ဆန့်ကျင်နေတဲ့ အချက်တွေကို မပြင်နိုင်သမျှ ဒီမိုကရေစီပန်းတိုင်ကို သွားလို့ရမှာ မဟုတ်ဘူးလို့ ဒေါ်စုဘက်က ရဲရဲတင်းတင်း ပြောသင့်တယ်။

ဘာကြောင့် အခြေခံဥပဒေ ၂၀၀၈ ဖြစ်ရသလဲ

အခြေခံဥပဒေ ၂၀၀၈ ပေါ်ပေါက်လာတဲ့အကြောင်းရင်းကို ပြန်ကြည့်ရင် ၉၀ ရွေးကောက်ပွဲရလာဒ်နဲ့ တိုက်ရိုက်ပတ်သက်တယ်။

အချုပ်ပြောရရင် ၉၀ ရွေးကောက်ပွဲမှာ အန်အယ်ဒီက အပြတ်အသတ်နိုင်တယ်။ လူထုက ပြတ်တယ်။ စစ်အစိုးရကို မကြိုက်လို့ တိုင်းပြည်ကို အုပ်ချုပ်ပါတော့ဆိုတဲ့ မင်းဒိတ်ပေးတဲ့သဘောနဲ့ အန်အယ်ဒီကို အပြတ်မဲပုံအောခဲ့တာ။ အန်အယ်ဒီနိုင်ရင် စစ်အစိုးရကလွှတ်တော်ခေါ်ပီး အာဏာလွှဲပေးရမှာ။ ဒါပေမဲ့ အာဏာမလွှဲချင်တော့ အခြေခံဥပဒေသစ် ရေးရမယ်လို့ စစ်အစိုးရကပြောတယ်။ အခြေခံဥပဒေသစ်ကို အန်အယ်ဒီက ဆွဲမယ်ဆိုတော့လဲ ငါဘဲဆွဲမယ်။ မင်းတို့မဆွဲရလို့ စစ်အစိုးရ အမိန့်ထုတ်တယ်။

ဒီမှာတင် အန်အယ်ဒီကိုလဲ အာဏာမလွဲရအောင် ကိုယ်ရေးတဲ့ အခြေခံဥပဒေနဲ့ ကိုယ်ကြိုက်တဲ့ ကြံ့ဖွံ့အစိုးရဖြစ်အောင် တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အခြေခံဥပဒေ ၂၀၀၈ ကို ရေးဆွဲဖို့အတွက် ၁၉၉၃ခုနှစ်မှာ စစ်အစိုးရက ညောင်နှစ်ပင် အမျိုးသားညီလာခံ စတင်ကျင်းပတယ်။

ဒါပေမဲ့ ဒီအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံရမဲ့မူ ၁၀၄ ချက်ဆိုတာ လက်ခံရမယ်လို့ စစ်အစိုးက တဆင့်တိုးလာတယ်။ တခါ အခြေခံရမဲ့မူတွေ ချမှတ်ဖို့ ဆွေးနွေးရာမှာလဲ အောက်ပါ ဦးတည်ချက် ၆ ချက်ဘောင်ထဲကသာ ဖြစ်ရမယ်ဆိုပြီး နောက်ထပ် ၀က်အူထပ်ရစ်ပြန်ပါတယ်။

(၁)     ပြည်ထောင်စု မပြိုကွဲရေး၊
(၂)     တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊
(၃)     အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊
(၄)     စစ်မှန်သော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊
(၅)     နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောပပါလ တရားများ ပိုမိုထွန်းကားရေး၊
(၆)     အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် ရေးလို့ပါရှိပါတယ် ။

အန်အယ်ဒီအပါအ၀င် ညီလာခံတက်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒီ ၆ ချက်ထဲက ပထမ ၅ ချက်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ နံပတ် ၆ အချက်ဖြစ်တဲ့ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကိုတော့ အန်အယ်ဒီအပါအ၀င် တခြား တိုင်းရင်းသားပါတီတွေပါ ခါးခါးသီးသီး လက်မခံတဲ့ပြင် နောက်ဆုံး အန်အယ်ဒီက အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့တယ်။ အန်အယ်ဒီ ညီလာခံဆက်တက်လဲ အန်အယ်ဒီ ကိုယ်စားလှယ်အင်အားက ၁၂%သာရှိတာမို့ ပြောခွင့်မရှိဘဲ နာမယ်ပျက်ရုံသာ အဖတ်တင်မယ်။ ပုံ(၃)ကို ကြည့်ပါ။




စစ်တပ်နဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု

စောစောကပြောတဲ့ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကိုကြည့်ရင် စစ်တပ်ဟာ အနာဂတ်နိုင်ငံရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ပါကိုပါရမယ်။ ပါတာတောင် နောက်နားကမဟုတ်ဘူး။ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာကို ပါရမယ်လို့ ကနဦးထဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရက အဓမ္မ ဖိအားပေးခဲ့တာပါ။ ဒါကြောင့် ကနေ့ အခြေခံဥပဒေ ၂၀၀၈ ကိုကြည့်ရင် လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% အဓမ္မ နေရာယူထားတာ ဖြစ်တယ်။

အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့ အကဲဖြတ်မယ်ဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေစီနည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကို အခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့သွားနေသမျှ ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်တာ ထင်ရှားနေတယ်။

ဒါကြောင့် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို မုချ ပြင်ဖို့လိုတယ်။ ဒီအချက်ကို ပြင်မယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်မှ ဖြစ်မယ်။ ဒေါ်စုနဲ့အန်အယ်ဒီ ဒီအချက်ကို ပြင်နိုင်မလားဆိုတာ အလေးအနက် စဉ်းစားရမှာဖြစ်တယ်။ အခြေခံကျတဲ့ ဒီအချက်ကိုမပြင်ပဲ စစ်တပ်ကို အာဏာအလွန်အကျူးပေးထားတယ်အော်နေရုံနဲ့ အခြေခံဥပဒေ ၂၀၀၈ နဲ့ ဒီမိုကရေစီလမ်းကြောင်းရောက်အောင် သွားနိုင်မှာ မဟုတ်ပါ။

နိုင်ငံရေးမှာ စစ်တပ်နဲ့ လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို လက်ခံတာနဲ့ အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသလို မျှော်လင့်ချက် တလွဲတွေ ပေးသလို ဖြစ်မယ်။

ပြင်လို့ရပါ့မလား

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ အခန်း ၁၂ မှာပါရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့အပိုင်းကိုကြည့်တဲ့အခါ ပြင်ဆင်ဘို့ ခက်ခဲအောင် ဥပဒေတွေ ပြဌာန်းထားတာ တွေ့ရပါတယ်။ အထူးသဖြင် စစ်တပ်ကို ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ပုဒ်မမျိုးတွေကို လုံးဝနီးပါးပြင်လို့မရအောင် ပြဌာန်းထားတာတွေ့ရတယ်။

ဥပမာ ပုဒ်မ ၄၃၆ ကိုကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ခန်းမှာပါတဲ့ ပုဒ်မ ၉၅ ခုကို ပြင်ချင်သပဆိုရင်

၁။ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာနှုန်းကျော်က ပြင်ဆင်ဘို့ သဘောတူရမယ်-

၂။ ဒီပုဒ်မတွေပြင်ဘို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရမယ်-

၃။ ဒြါ့ပင် မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့သာ ပြင်ရမယ်လို့ အဆင့်သုံးဆင့်ခွဲ ပြဌာန်းထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ခန်းမှာပါတဲ့ ပုဒ်မ ၉၅ ခုထဲက တခုခုကို ပြင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး (စစ်ဗိုလ်အမတ်အပါအ၀င်) ရဲ့ ၇၅ ရာနှုန်းကျော်က ပြင်ဆင်ဘို့ သဘောတူရမယ်ဆိုတဲ့အတွက် လက်တွေ့မှာ စစ်တပ်ကို ထိခိုက်မဲ့ပုဒ်မကိုပြင်တာမို့ ၂၅ ရာနှုန်း စစ်သားအမတ် ၁၆၆ ဦးက သဘောတူမှာ မဟုတ်ပါဘူး။ သဘောမတူတာထက် ဒီပုဒ်မ ၉၅ ခုကို ပြင်မယ်ဆိုရင် ကန့်ကွက်နိုင်အောင် စစ်ဗိုလ်အမတ် ၂၅% ကို တမင်လွှတ်တော်တွေမှာ ထဲ့ထားတာပါ။

တနည်းပြောရရင် စစ်ဗိုလ်အမတ်တွေရဲ့ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်ကလဲ သဘောတူမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျန်တဲ့ အရပ်သားအမတ် ၇၅% တင်းပြည့်ကျပ်ပြည့် အားလုံးထောက်ခံမယ်ဆိုရင်တောင်(လက်တွေ့မှာ မဖြစ်နိုင်) ပြင်လို့မရသေးဘဲ ၇၅% ကျော်ရမယ်ဆိုထားတဲ့အတွက် စစ်ဗိုလ်အမတ်ထဲက (အနည်းဆုံးတဦး) ထောက်ခံမှုရပါမှ ၇၅%ကျော်မှာဖြစ်ပါတယ်။

ဒါကြောင့် ၂၅% စစ်ဗိုလ်အမတ်တွေ လွှတ်တော်ထဲ ထားရတဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် (Hidden agenda) က စစ်ခေါင်းဆောင်ပိုင်းကို တရားစွဲပြီး ဒုက္ခပေးနိုင်တဲ့ ပုဒ်မတွေပါတဲ့ ၉၅ ခုကို အရပ်သားအမတ်တွေ ရာသက်ပန် မပြင်နိုင်အောင် ကန့်ကွက်ဘို့အတွက် စနစ်တကျ သင်္ချာနည်းနဲ့တွက်ပီး လွှတ်တော်ထဲမှာ ထဲ့ထားတာဖြစ်တယ်လို့ တထစ်ချ ပြောနိုင်ပါတယ်။


ဒီ ပုဒ်မ ၉၅ ခုကိုသာ ပြင်နိုင်ရင် စစ်ခေါင်းဆောင်တွေ တချိန်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို တရားစွဲခွင့်ရသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပုဒ်မ ၉၅ ခုနဲ့ သူတို့ စစ်ခေါင်းဆောင်တွေရဲ့ အနာဂတ်ကို ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပုဒ်မတွေ ပြင်မဲ့သူမှန်သမျှ စစ်တပ်ရဲ့ ရန်သူဖြစ်မှာသေချာနေတယ်။ ဒေါ်စုဟာ စစ်တပ်ရဲ့ ရန်သူဖြစ်အောင် ကြိုးစားမဲ့အနေအထားရှိသလား။ စစ်တပ်ကို စည်းရုံးနိုင်စွမ်းရှိသလားဆိုတာ ဆန်းစစ်သင့်တယ်။

အခြေခံဥပဒေ ၂၀၀၈ ရဲ့ ပုဒ်မ ၄၅၇ ခုထဲက မပြင်နိုင်တဲ့ ပုဒ်မ ၉၅ ခုနှုတ်ရင် ပုဒ်မ ၃၆၂ ခုကျန်ပါတယ်။ ဒီနေရာမှာ ဒီပုဒ်မတွေကိုရော ပြင်နိုင်ခွင့် ရှိသေးတယ်ဆိုတဲ့သဘောလား။ ပြင်နိုင်ခွင့်ရှိတယ်ဆိုရင် ဘယ်လိုပြင်ရမလဲဆိုတာလဲ မေးစရာဖြစ်တယ်။

ကျန်တဲ့ ပုဒ်မ ၃၆၂ ခုထဲက တခုခု ပြင်ဆင်လိုတယ်ဆိုရင်

၁။ ဥပဒေမူကြမ်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို အရင်တင်သွင်းရမယ်။ ပြည်ထောင်စု လွှတ်တော်တခုလုံးရှိ စုစုပေါင်း ကိုယ်စားလှယ်အားလုံးရဲ့ ၂၀%က တင်ပြမှသာ ဒီဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမယ်လို့ ပုဒ်မ ၄၃၅ မှာ ပြဌာန်းထားတယ်။

၂။ ဒါ့ပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော် ထောက်ခံမဲနဲ့သာ ပြင်ရမယ်လို့ ပြဌာန်းပါတယ်။

စစ်တပ်နဲ့မဆိုင်တဲ့ တခြား အခြေခံဥပဒေပုဒ်မတွေ ပြင်ချင်ရင် (လက်ရှိ လွှတ်တော် အမတ်ဦးရေအရ) ပြည်ထောင်စုလွှတ်တော်တခုလုံးရှိ အမတ် ၁၃၁ ဦးက ပထမ တင်ပြမှ လက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော် အမတ်အားလုံး(စစ်ဗိုလ်အမတ်အပါအ၀င်) ရဲ့ ၇၅%ကျော် (၄၉၄+၁=၄၉၅ ဦး) ရဲ့ ထောက်ခံ ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပုဒ်မ ၄၃၆(ခ)မှာ ပြဌာန်းထားပါတယ်။

ဆိုလိုတာက ကျန်တဲ့ ပုဒ်မ ၃၆၂ ခုထဲက တခုခု ပြင်ဆင်လိုတယ်ဆိုရင် စစ်ဗိုလ်အမတ် ၁၆၆ ဦး (၂၅%) ကို မစည်းရုံးနိုင်ခင် ၅၀%ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော် အရပ်သားအမတ် ၃၂၇ ဦးလုံးရဲ့ ထောက်ခံမဲ လိုပါတယ်။ ပြီးမှ စစ်ဗိုလ်အမတ် ၂၅% ကို စည်းရုံးရမှာဖြစ်ပါတယ်။ စစ်ဗိုလ်အမတ်ကလဲ ၁၆၆ ဦးလုံးသဘောတူရမယ်-အရပ်သားအမတ်ကလဲ ၃၂၇ ဦး (၅၀%) အားလုံးသဘောတူမှ ပြင်နိုင်တဲ့သဘောမို့ ဒါလဲ ပြင်ဘို့ လွယ်ကူလှတယ်လို့ မပြောနိုင်ပါ။

ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိသလား

(၁) တိတိကျကျပြောရရင် တိုင်းပြည်အရေးပေါ်အခြေအနေကြုံတဲ့အခါ အများထင်သလို ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းရန်မလိုပါ။ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ တိုင်းပြည်မှာ ထိန်းမနိုင်သိမ်းမရဖြစ်ရင် သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ပီး အရေးပေါ်အခြေအနေ တနှစ်ကြေငြာနိုင်တယ်။

ပုဒ်မ ၄၁၈ အရ အရေးပေါ်အခြေအနေကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်အား အာဏာ ၃ ရပ် လွှဲအပ်ကြောင်း ကြေငြာရမည်လို့ ပြဌာန်းပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်က အလုပ်ရှုတ်ခံ အာဏာသိမ်းနေစရာတောင်မလိုဘဲ အရေးပေါ်အခြေအနေကာလအတွင်း အခြေခံဥပဒေအရ သမ္မတကသာ ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပေးရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီး ချုပ်က ထိုင်နေရုံပါဘဲ။

(၂) ခုလို ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအလွန်အကျူးပေးထားတာကို ပြင်ချင်တယ်ဆိုရင်လဲ စောစောက ပြင်မရတဲ့ ပုဒ်မ ၉၅ ခု အုပ်စုထဲမှာ ပါနေတာမို့ ပြင်ဖို့ မဖြစ်နိုင်ပါ။ ဒီမှာတင် ဒီပြဌာန်းချက်ကို လက်မခံနိုင်တဲ့အတွက်ဆိုပြီး ရလလဖ ခေါင်းဆောင်တချို့ အမျိုးသားညီလာခံကာလမှာ တောခိုခဲ့ပါတယ်။

အန်အယ်ဒီ(ဟောင်း)က အခြေခံဥပဒေ ဘယ်ပုဒ်မတွေ ကန့်ကွက်ခဲ့သလဲ

(၁) ဖွဲစည်းပုံရေးဆွဲရာမှာ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ ဦးတည်ချက် ၆ ချက် စစ်အစိုးရက သတ်မှတ်ပါတယ်။ ဒီထဲမှာ အနာဂတ်နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ပါဝင်ထမ်းဆောင်ရေးဆိုတာကို အန်အယ်ဒီက ကန့်ကွက်တယ်။ (ပြင်မရတဲ့ ပုဒ်မ ၉၅ အုပ်စုမှာ ပါပြီး) (ဒီအချက်ကို ဒေါ်စုက ဆက်ကိုင်စွဲမယ်ဆိုရင် စစ်တပ် ၂၅%ကို ဒေါ်စုပြင်ရမှာဖြစ်တယ်။ စစ်တပ် ၂၅%ကို ပြင်လို့ရမရနဲ့ ပြင်ရင်ဖြစ်လာမဲ့အနေအထားကို အထက်မှာ ရှင်းခဲ့ပြီး ဖြစ်တယ်)။

(၂) သမ္မတနဲ့ ဒုသမ္မတ အရည်အချင်းမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတာကို လက်မခံပါ။ (ဒီအချက်လဲ ပြင်မရတဲ့ ပုဒ်မ ၉၅ခုထဲမှာ ပါနေတယ်)

(၃) လွှတ်တော်အသီးသီးမှာ စစ်ဗိုလ်အမတ် ၂၅% ထဲ့ထားတာကို ကန့်ကွက်ပါတယ်။ (နံပတ် ၁မှာ တပါတည်း အကျုံးဝင်တယ်)

(၄) ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ဒုဝန်ကြီးခန့်အပ်ခံရသူတွေကိုတော့ အမတ်အဖြစ်က နှုတ်ထွက်ရမယ်လို့ အခြေခံဥပဒေက ပြဌာန်းထားပီး လက်ရှိတာဝန်ထမ်းနေတဲ့ စစ်ဗိုလ်ချုပ်တွေသာ ခန့်ထားတဲ့ ကာကွယ်ရေး ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ၀န်ကြီးတွေကျတော့ အမတ်အဖြစ်က နှုတ်ထွက်ရန်မလိုဆိုတဲ့ ပုဒ်မ ၂၃၂ (ည)(၂)ကိုလဲ ကန့်ကွက်ပါတယ်။

(ဒီ စစ်ဗိုလ်ဝန်ကြီး ၃ ပါးဟာ ရွေးကောက်ခံအမတ်မဟုတ်။ စစ်တပ်က တိုက်ရိုက်ခန့်တဲ့ အမတ်တွေဖြစ်တယ်။ ဒါကြောင့် အခွင့်ထူးခံအနေနဲ့ စစ်တပ်က ဒီဝန်ကြီး ၃ပါးအတွက် အမတ်နေရာ ဆက်ယူထားတာဖြစ်တယ်။ တကယ်တော့ အန်အယ်ဒီက ဒီအချက်ကို ကန့်ကွက်လို့ မရပါ။ တကယ် ကန့်ကွက်ရမှာ စစ်တပ်က တိုက်ရိုက်ခန့်တဲ့ ၂၅% အမတ်တွေကို အခြေခံဥပဒေက ဖယ်ရှားနိုင်အောင် ပြင်ဆင်ရေးကို ဦးတည်ရမှာ ဖြစ်တယ်။ ဒါကြောင့် အထက်က နံပတ် ၃ အချက်ကို ကန့်ကွက်ရင် နံပတ် ၄ ပါ အလိုလို ကန့်ကွက်ပြီး ဖြစ်သွားတယ်။ တကယ်တော့ လွှတ်တော်အသီးသီးမှာ စစ်ဗိုလ်အမတ် ၂၅% ထဲ့ထားတာကို ကန့်ကွက်ရုံနဲ့ မလုံလောက်ဘဲ ပြင်ဆင်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။ အဲသလို မပြင်နိုင်ရင် ဒီမိုကရေစီပန်းတိုင်မရောက်နိုင်)

(၅) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတွေအတွက် လျာထားတဲ့ တာဝန်ထမ်းဆောင်နေဆဲ စစ်အရာရှိစာရင်းကို ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သား အမည်စာရင်းကို သမ္မတက ရယူခြင်းဆိုတာကိုလဲ ကန့်ကွက်ပါတယ်။

(၆) ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါ တပ်မတော်သားဝန်ကြီး ဒုဝန်ကြီးတို့နှင့် ပတ်သက်လျင် သမ္မသည် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဆိုတာကိုလဲ ကန့်ကွက်ပါတယ်

(၇) အုပ်ချုပ်ရေးနဲ့ စပ်လျဉ်းပီး ပြည်နယ် တိုင်းဒေသကြီး ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ရမည်ဆိုတာကိုလဲ ကန့်ကွက်ပါတယ်။

(၈) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁မဲမှာ အများစု ၆မဲကို စစ်တပ်က ယူထားတာကိုလဲ ကန့်ကွက်ပါတယ်။ (ဒါလဲ ပြင်မရတဲ့ ပုဒ်မ ၉၅ ခုမှာ အကျုံးဝင်တယ်)

(၉) တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ခွင့်ရှိသည်ဆိုတာလဲ ကန့်ကွက်ပါတယ်။

(၁၀) နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ် ဆိုတာလဲ ကန့်ကွက်ပါတယ်။

(၁၁) အရေးပေါ်အခြေအနေပေါ်ပေါက်ရင် နိုင်ငံအာဏာကို ကာကွယ်ရေး ဦးစီးချုပ်က ရယူသုံးစွဲခွင့်ရှိသည်ဆိုတာလဲ ကန့်ကွက်ပါတယ်။

(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တာကို ပြည်ထောင်စုလွှတ်တော်ရှိ အမတ်အားလုံးရဲ့ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီင်္းနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမယ်ဆိုပီး ပြင်ခွင့်မရအောင် သတ်မှတ်ထားတာကိုလဲ ကန့်ကွက်ပါတယ်။

အထက်ဖော်ပြပါ အခြေခံဥပဒေ ၂၀၀၈ ကန့်ကွက်ချက်တွေဟာ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ၂၀၀၉  ခု ဧပြီ ၂၈-၂၉  မှာကျင်းပတဲ့ ပြည်နယ်တိုင်းစည်းတွေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံပွဲကို တင်သွင်းတဲ့ အချက်တွေကို ကောက်နှုတ်ဖော်ပြခြင်းသာဖြစ်တယ်။

အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာတွေရှိနေတယ်လို့ လတ်တလော ဒေါ်စု ပြောနေတာတွေဟာ ဒီ ၁၂ ချက်ကို အခြေခံပြောနေသလား တခြားအချက်တွေကို ပြောနေသလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရပါ။ အခြေခံဥပဒေမှာ စစ်တပ် ၂၅% ပါနေတာကို ဒေါ်စုက ဦးတည်တောင်းဆိုရင် စောစောက အန်အယ်ဒီကန့်ကွက်ထားတဲ့ အခြေခံဥပဒေပါ ၁၂ ချက်က အလိုလို အကျုံးဝင်ပြီး ဖြစ်တယ်။

သုံးသပ်ချက်

-အခြေခံဥပဒေ ၂၀၀၈ မှာ ပြင်စရာတွေရှိတယ်ဆိုတဲ့ ဒေါ်စု စကားဟာ မဲဆွယ်စကားလုံးထက် ပိုတဲ့ အဓိပ္ပါယ်မျိုးဆောင်တယ်ဆိုရင် ကြိုဆိုထိုက်တယ်။ ဒါပေမဲ့ ပြည်သူအကျိုးမပြုတဲ့ ပုဒ်မတွေရှိနေတယ်လို့ ရောထွေးပြောမဲ့အစား ဒီမိုကရေစီနည်းမကျတဲ့ ပုဒ်မတွေ undemocratic articles ဘာတွေဖြစ်တယ်ဆိုတာ တိတိကျကျ ထောက်ပြသင့်တယ်။

-အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့ အကဲဖြတ်မယ်ဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှ ဒီမိုကရေစီနည်းကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကို အခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့သွားနေရင် ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်တာ ထင်ရှားနေတယ်။ ဒါကြောင့်အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ကို ပြင်ရမယ်။ ဒါပြင်မယ်ဆိုရင် နောက်ထပ် အမျိုးသားညီလာခံတခု ခေါ်မှဖြစ်မှာမို့ ဒေါ်စုနဲ့ စစ်တပ် ထိပ်တိုက်ဖြစ်မယ်။ အဲသလို ထိပ်တိုက်ဖြစ်ရင် အာဏာသိမ်းတာမျိုးထိ ရောက်နိုင်တယ်။ ဒါကြောင့် လွှတ်တော်ထဲက စစ်ဗိုလ် ၂၅%ကို ဒေါ်စု စည်းရုံးနိုင်ဖို့လိုတယ်။

-လွှတ်တော်ထဲက စစ်ဗိုလ် ၂၅%ဆိုတာကလဲ ရွေးကောက်ခံအမတ်တွေမဟုတ်။ ကာချုပ်က တိုက်ရိုက်ခန့်ထားသူတွေမို့ စိတ်မချရတဲ့ စစ်ဗိုလ်အမတ်မှန်မျှကို ချက်ချင်းဖြုတ်ပြီး လူစားလဲခွင့်ရှိတာကို နားလည်ထားရင် လွယ်လွယ် စည်းရုံးလို့မရနိုင်ဆိုတာ ဒေါ်စု နားလည်ထားရမှာ ဖြစ်တယ်။

-ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ နေရာ ၄၀လုံး အန်အယ်ဒီက နိုင်မယ်ဆိုရင်တောင် ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီရဲ့ ပြောရေးဆိုခွင့်က အများဆုံး ၉%ထိက မပိုနိုင်တာမို့ ဒေါ်စုရဲ့ အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးဟာ ဆောင်းအိပ်မက်လို့ လွှင့်ပါးပျောက်ကွယ်သွားမယ်။

-ဒီအတောအတွင်း ဒေါ်စုကို လွှတ်တော်အမတ်ဖြစ်ကနေ ဖြုတ်ချဖို့ ကြံ့ဖွံ့ပါတီဘက်က အချိန်မရွေးကြိုးပမ်းလာနိုင်တယ်။ (ဒေါ်စုကို အမတ်မဖြစ်အောင် ဖြုတ်ချနိုင်တဲ့ ပုဒ်မတွေ ရွေးကောက်ပွဲ ဥပဒေမှာရော အခြေခံဥပဒေမှာပါ ရှိနေဆဲဖြစ်တယ်။) အဲသလိုဖြစ်လာရင် အန်အယ်ဒီပါတီပါ ရေစုန်မျောသွားနိုင်တယ်။ (အသေးစိတ်ကို သီးခြားဆောင်းပါး ရေးပါမယ်)

-အမတ်အဖြစ် ဆက်ရပ်တည်ခွင့်ရမယ်ဆိုရင်လဲ ဒေါ်စုရဲ့ နိုင်ငံရေး အကျပ်အတည်းကကြီးမားတယ်။ အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာအလွန်အကျွံပေးထားတဲ့အချက်တွေ မပြင်နိုင်ရင် ပေးထားတဲ့ ကတိပျက်ပြီး သိက္ခာကျမယ်။

-လက်ရှိ ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ အတိုင်းမျောလိုက်သွားရင်လဲ ဒေါ်စုကြွေးကြော်ထားတဲ့ ဒီမိုကရေစီပန်းတိုင်နဲ့ ဆန့်ကျင်ဘက်ကို သွားနေသလိုဖြစ်မယ်။ လူထုကို တလွဲမျှော်လင့်ချက်ပေး ခေါ်သွားသလိုဖြစ်မယ်။

-နိုင်ငံရေးမှာ စစ်တပ်နဲ့ လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို လက်ခံတာနဲ့ အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသလိုဖြစ်ပြီး မျှော်လင့်ချက်တလွဲတွေ ပေးသလို ဖြစ်မယ်။

-အခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေး ရှုထောင့်ကနေကြည့်ရင် အန်အယ်ဒီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးလဲ အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်သလို ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ၄၆ နေရာလုံးနိုင်လဲ လွှတ်တော်တွင်း အတိုက်အခံ တည်ဆောက်နိုင်အောင် အင်အားမရှိတဲ့အတွက် အရှုံးနဲ့သာ ရင်ဆိုင်ရမှာ ဖြစ်တယ်

source; http://www.mandalar.net

Good Government Clean Government အကောင်အထည်ပေါ်ရေး (သို့မဟုတ်) တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသော သူများ လုပ်ချင်ရာ မလုပ်နိုင်အောင် ထိန်းချုပ်နိုင်ရေး နည်းလမ်းများရှိသည့်အနက် နည်းလမ်းတစ်သွယ်အား ဆွေးနွေးခြင်း

နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနှင့်ဆိုင်တယ်ထင်ဧ။်


နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနှင့်ဆိုင်တယ်ထင်ဧ။်


  • January 25, 2012 ရက် ၊ 11:49pm တွင် အညာသား ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
နိုင်ငံရေးဆိုတာ လူတိုင်းလုပ်သင့် ပါတယ်။ ကိုယ်မလုပ်နိုင် ဘူးဆိုရင်တောင် လုပ်နေတဲ့သူတွေကို ချီးကျူးသင့်တယ် လေးစားသင့်တယ် ဂုဏ်ယူသင့်တယ်လို့ကျွန်တော်ထင်တယ်။ တချို့ကတော့ အဲလိုမဟုတ်ကြဘူး ထင်ပါတယ်။ ကျွန် တော်ကတော့ နိုင်ငံရေးလုပ်နေသူတွေကို လေးစားတယ် ဂုဏ်ယူတယ် ချီးကျူးတယ်။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ မေးလ်တစ်ပုဒ် ကျွန်တော့်ဆီ forward mail နဲ့ရောက်လာတာလေး ဖတ်ကြည့်ပါလား ဗျာ။ တချို့မိတ်ဆွေ ဆီလည်း အဲဒီ forward mail ရောက်မှာပါ။ ကဲ အောက်မှာ ဖတ်နော်။ သူငယ်ချင်း - မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။ ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်း ချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့ “နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်း ချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။ ဒီလိုရေးထား တာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည် နိုင်သေးဘူး ဆိုတာပါပဲ။ ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေး မရေးရ ဆိုတဲ့နေရာမှာ အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသား တိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့ အရေး ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြ ရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။ လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာ ပြီ၊ လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲ နေတဲ့ ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။ ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့ ငါတို့နိုင်ငံ နတ်ရေ ကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊ ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေ လုပ်သင့်တာက အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။ ဒီလိုပြောလို့ ငါတာဝန်မဲ့ တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။ သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက်ကိုင် ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာေ တွနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီ ရခဲ့ရင် အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက အစိုးရပြောင်းဖို့၊ စနစ်ပြောင်း ဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။ ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။ လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့ ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့ ဘာတွေပြင်ဆင် ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။ နိုင်ငံ့အရေးပေါ့။ ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ် ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာ အောင်၊ အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး ဆုတ်ယုတ် နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ် တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှ တဲ့ အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွား ပျက်စီးနေ တာပါပဲ။ သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို စည်းကမ်းလိုက်နာစေ ချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။ တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။ ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်း မပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင် ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊ စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။ ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေး တွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊ အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်း တံတွေး ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါ ပါပဲ။ ဒါလေးက သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊ ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ် ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ ပင်ကိုရှိပြီးသား အသိဥာဏ် တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့ ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။ စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊ လာဘ်ယူဇာတ် လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့ အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့ အကြံအဖန် တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့် တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။ သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်း စဉ်အောက်မှာ ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြ ရပြန်တော့ပဲမဟုတ်လား။ သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ် ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက် ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT ပညာရှင်တွေက အလယ်တန်း အဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့ အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်း ပေါက်တဲ့လူတွေကလည်း ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေး ကြမယ်၊ အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန် တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊ မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာ အတွက်ဆိုကြရတယ်ဆိုတာသိအောင်၊ ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ် ပေးနိုင်ရင်ပဲ တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်တွေပဲမဟုတ်လား။ သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ ရေးထားခဲ့တာတွေဟာ နိုင်ငံ ရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊ ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး ငါတို့ လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။ ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။ ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။ တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့ စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ ဖြစ်လာ မှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။ မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါ ရက်နဲ့ မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို ထပ်ပြော ပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။ PS. လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင် ကျွန်တော်တို့မြန်မာပြည်လည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ် လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့လည်း နောက်မကျသေးခင် ကိုယ်တတ်နိုင်တဲ့နိုင်ငံရေးကို လုပ်ဆောင်ကြရအောင်။
အခုတလော ပို့တွေဖတ်ရလို့ ပြန်တင်ပေးလိုက်ပါတယ်။
Source; http://www.edinooyin.com
Comment by htunaung on Wednesday
ကောင်းပါတယ်.........
ဒီလိုစိတ်ဓါတ်မျိုးတွေ ကျွန်တော်တို့နိုင်ငံကလူတိုင်းရဲ့စိတ်ထဲမှာ
ရှိနေရင် ကောင်းမှာပဲနော်........ကျွန်တော်လည်းတွေးမိတယ်ဗျ...လူတွေက ဒီမိုကရေစီ လိုအော်နေကြတယ်... ပြီးတော့စည်းကမ်းကျတော့လည်း တစ်ယောက်မှ မလိုက်နာကြဘူး.... ကျွန်တော်တို့ပြည်သူတွေက ခုချိန်မှာစည်းကမ်းရှိရှိနေပေးကြရင် ကောင်းမှာပဲ.... အများကြီးမလုပ်နိင်ရင်တောင် ကိုလုပ်နိုင်တဲ့ စည်းကမ်းရှိမှုလေးတွေရှိရင်ကောင်းမှာပဲနော်..............
Comment by Ko Sai on Monday
ထောက်ခံပါသည်။
Comment by konayhtet on January 27, 2012 at 10:23pm
ကောင်းပါတယ် နားလည်သဘောပေါက် တဲ့စာသားတွေပါတယ် ကျေးဇူးပါ
Comment by ဦးသောင်းရီ on January 27, 2012 at 8:44pm
အခွင့်အရေး နဲ့ စည်းကမ်းကို တွဲပြီးနားလည်တဲ့ သူတွေအများကြီးပေါ်ထွက်လာဖို့လိုပါတယ်။အများကြီးမရေးတတ်ပါ၊ကောင်းလာမည့် လူအဖွဲအစည်း အသစ်ကိုရချင်တယ်
Comment by ကိုရင်ခွင် on January 27, 2012 at 6:22pm
မှန်တယ်
စည်းကမ်းရှိမှတိုးတက်မှာပါ
လူတိုင်းမှာတာဝန်ရှိပါတယ်။ကိုယ် တကယ်လိုမလုပ်နိုင်ရင်တောင် နောက်လာမဲ့ကိုယ်တူကိုယ်သားကိုယ်ညီတွေကို ဒီနေရာမှာအ
ိမိုက်မပြစ်ရဘူး အမြင်မတော်သာ ကူညီပေး သင်ပေးခဲ့ရင် နောင်လာရင် ခေတ်မီတဲ့ နိုင်ငံဖြစ်လာမှာပါ
ဒီ ပိုဒ့်သင်ပေးလို့ ဖတ်လိုက်ရတဲ့အ တွက် ကျေးဇူး အများကြီးတင်ပါတယ်
Comment by ဝင်းမင်းသန့် on January 27, 2012 at 6:10pm
ကျေးဇူးပါဘော်ဒါ သစ်ပင်တိုင်းမှာ အမြစ်ရှိသလိုပေါ့ တိုင်းပြည်တိုင်းမှာလည်းစစ်ရှိသင့်တာပေါ့ ဒါမှပြည်သူတွေနိုင်ငံတော်ဖြစ်မှာ
Comment by ကျော်ကျော် on January 27, 2012 at 11:37am
ကျေးဇူးပါခင်ဗျာ
Comment by တမာမြေ on January 27, 2012 at 10:29am
အိုး  အရမ်းကောင်းတဲ့ ပို့လေးပါ   အရမ်းလည်းမှန်ကန်ပါတယ်   လူတိုင်းဖတ်သင့်တာပဲ   ကျွန်တော်တို့လည်းဒီလိုပဲယူဆပါတယ် အခုလို  ခွဲခြားပြသွားနိုင်တာကိုလည်း    လေးစားပါတယ်   စာတွေကူးယူပြီးသူငယ်ချင်းတွေပေးဖတ်လိုက်မယ်နော်    ဒီထက်မက ရေးသားနိုင်ပါစေ ဒီထက်မက တိုင်းပြည်နဲ့ လူမျိုး တင့်အောင် စွမ်းဆောင်နိုင်ပါစေဗျာ  အခုလို အသိပညာပေးတဲ့အတွက် ကျေးဇူးပါ
Comment by တာရာလွင် on January 27, 2012 at 12:09am
ဒီမိုကရေစီခေတ်တစ်ခု တည်ဆောက်ဖို့ အတွက်တောင် နှစ်ပေါင်းများ ခက်ခက်ခဲခဲကြိုးစားလာခဲ့ရတာ....မဟုတ်လား၊၊ ဒီတော့ ဒီမိုကရေစီကို ဆက်လက်တည်တံ့ခိုင်မြဲအောင် လုပ်ဖို့ဆိုရင် ပိုလို့တောင် ခက်ခဲပါဦးမယ်။ ဒါကလဲ နိုင်ငံသားတိုင်း ဒီမိုကရေစီ အသိနဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်ဆောင်ရွက်မှ ဖြစ်မှာပါ။
Comment by Tay Zar on January 26, 2012 at 8:26pm
အပြည်.အ၀ထောက်ခံပါတယ်။ဒါနိုင်ငံအတွင်းမှာ
ရှိတဲ့လူတွေရဲ.ရင်ထဲမှာအမှန်တယ်ရှိသင့်တဲ့ကိစ္စပဲဗျ...သိပ်ကောင်းတယ်။