နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊ မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေ | | Print | |
လတ်တလောတွင် နိုင်ငံ့ဝန်ထမ်းများ အားလုံးကို လစာတိုးမြှင့်ပေးဦး မည်မဟုတ်ဘဲ ဝေးလံခေါင်သီသော ဒေသများ၌ တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်း ၃ သောင်းကျော် ကိုသာ လစာတိုးမြှင့်ပေးမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းခဲ့ သည့်အပေါ် မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေကြောင်း သိရှိရသည်။ ဝေးလံခေါင်သီဒေသ ၈၅ မြို့နယ်၌ တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်း ၃၇၈၁၇ ဦး၏ ဒေသ စရိတ်နှုန်းထားများကိုသာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဖေဖော် ၀ါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၂ ရက် မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ‘‘ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သည့် ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ ‘နိုင်ငံသားဝန်ထမ်းများ၏ လုပ်ခ၊လစာနှင့် ချီးမြှင့်ငွေများကို လာမည့်ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေတိုးမြှင့်ပေးရေး’ အဆိုမှာ ပြည်ထောင်စုအစိုးရမှ အကောင်အထည်ဖော်ဖို့ စဉ်းစားနေတဲ့ ကိစ္စဖြစ်သလို နိုင်ငံ့ဝန်ထမ်းများ၏ အတွက်လည်း ဆောင်ရွက်ပေးသင့်တဲ့ ကိစ္စဖြစ်လို့ ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍရဲ့ပါဝင်မှုအချိုးကို တိုးတက်အောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊လုပ်ခ တိုးမြှင့်မှုဟာ ပုဂ္ဂလိကကဏ္ဍမှာ ရှိတဲ့ လုပ်ခ၊ လစာ အခြေအနေ အပြင် ပြည်သူလူထုတစ် ဦးချင်းရဲ့ ပျှမ်းမျှဝင်ငွေဟာ ဖြစ်ပေါ် လာမယ့်အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ရန်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံ့ ၀န်ထမ်းများ လစာများကို တိုးမြှင့် ဆောင်ရွက်မပေးနိုင်ခင် လွှတ်တော် ကိုယ်စားလှယ်ကြီးများ တိုက်တွန်း တောင်းဆိုထားတဲ့ ဝေးလံခေါင်သီ ဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းရင်းသား လုပ်သားပြည်သူများ ကို အလုပ်အကျွေး ပြုနေကြတဲ့ဝန်ထမ်း များရဲ့ ဒေသစရိတ်နှုန်းထားတွေကို ဦးစွာတိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ၀န်ထမ်းလစာတိုးပေးရေး ကိစ္စဆောင်ရွက်ရာမှာလည်း နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုစနစ် အကောင်းဆုံး အနေအထား ရောက်ရှိဖို့ အဓိကလိုအပ်ပါတယ်။ အဲဒီလိုရောက်ရှိနိုင်ရန်မှာ နိုင်ငံတကာမှ ဆောင်ရွက်တဲ့ နည်းလမ်းများကို စံနမူနာထားပြီး ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် အစိုးရဌာနမှ ပညာရှင်များ ပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အနေနဲ့ အမျိုးသား စီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေခံပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာတိုးမြှင့်ရေး အစီအရင်ခံစာများ ရေးသားပြုစုသွားဖို့လည်း လိုအပ်ပါတယ်။ ဒီလိုရေးသားပြုစုတင်ပြတဲ့ အစီအရင်ခံစာများ အပေါ်သုံးသပ်ပြီး တော့နိုင်ငံဝန်ထမ်းများရဲ့လုပ်ခ၊ လစာ နှင့် ချီးမြှင့်ငွေများ တိုးမြှင့်ပေးရေးကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လတ်တလော ဆောင်ရွက်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာဆောင်ရွက် မယ်ဆိုရင်တင်ပြပြီးဖြစ်တဲ့ ပိုမိုကုန်ကျ လာမယ့် လစာနဲ့အခြားအသုံးစရိတ်တွေ များပြားလာမှာဖြစ်လို့ နိုင်ငံတော် ရဲ့ဘတ်ဂျက်မှာ အခက်အခဲ တွေ့လာနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းများရဲ့ လစာ၊ လုပ်ခများတိုး မြှင့်ပေးနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်မှသာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊လုပ်ခများတိုးမြှင့်ရေးကို ဆောင် ရွက်သင့်ပါကြောင်းနှင့် ဝေးလံခေါင်သီဒေသများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကို ငဲ့ညှာတာ ထောက်ထားသော အားဖြင့် ၎င်းတို့ရဲ့ ဒေသစရိတ် နှုန်းထားများကို ၂၀၁၂-၂၀၁၃ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအပ်ပါတယ်’’ဟု ပြောကြားခဲ့သည်။
နိုင်ငံဝန်ထမ်းများလစာမတိုးမီ အစိုးရမှကျခံနေသည့် အသုံးစရိတ်များ မှ မလိုအပ်သည့် အသုံးစရိတ်များကို လျော့ချနိုင်မည့် နည်းလမ်းရှာဖွေရန် တိုးတက်ဖြစ်ပေါ်လာမည့် အသုံးစရိတ် များ ကျခံသုံးစွဲနိုင်ရန်၊ ၀င်ငွေရရှိနိုင်မည့် နည်းလမ်းများကို ကြိုတင်လျာထား စဉ်းစားရန်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တိုးတက်မြင့်မားစေရန်နှင့် နိုင်ငံခြား မှထောက်ပံ့ငွေ၊ အတိုးနှုန်းသက်သာ သည့်ချေးငွေများပါဝင်သည့် ပြည်ပ အကူအညီများတိုးတက်လာအောင် ဆောင်ရွက်ရန်၊ ပေးချေရန်ရှိသော ကြွေးမြီများအား ဦးစားပေး အစီအစဉ်အလိုက် လျားထားပေးဆပ်ရန်၊ အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခြင်းကို အလေးထားဆောင်ရွက်ရန်နှင့် ငွေတိုက်စာချုပ်များ ရောင်းဝယ်သည့် ဈေးကွက်အား ဖွံ့ဖြိုးတိုးတက် စေသည့် ဆောင်ရွက်မှုများပြုလုပ်ရန် အစိုးရအသုံးစရိတ်များသည် ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် တာဝန်ယူ မှုရှိစေရန်တို့ ဖြစ်ကြောင်း သိရသည်။ ၀န်ထမ်းလစာ တိုးမြှင့်ရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ထိုသို့ ပြန်လည်ရှင်းလင်းချက်အပေါ်ဝန်ထမ်း များ လစာတိုးမြှင့်ရေးအတွက် စတင် အဆိုပြုတင်ပြခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ‘‘အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်ကို မူဘောင် သဘောဆွေးနွေးဖို့ မိမိလေ့လာတဲ့ အခါမသုံးသင့်တာတွေ လောလောဆယ် မလုပ်သင့်တဲ့ စီမံကိန်းတွေပါရှိနေကြောင်း တွေ့ရှိရပါတယ်။ အဲဒီလို မလုပ်သင့်တဲ့ စီမံကိန်းတွေ ခဏဆိုင်းငံ့ ဆောင်ရွက်မယ်ဆိုရင် ဒီထဲက ပေါ်ထွက်လာမယ့်ငွေများက မိမိတို့အခက် အခဲဖြစ်နေတဲ့ ၀န်ထမ်းအသီးသီး အတွက် လစာကို ရာခိုင်နှုန်းတစ်ခုအထိ တိုးပေးနိုင်မယ်လို့ အကြမ်းဖျဉ်း သုံးသပ်တွေ့ရှိရပါတယ်။ စီမံကိန်းအမှားများကြောင့် ဖြစ်လာနိုင်သော စက်ရုံသာရှိပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ Gas မလုံလောက်၊ Gas မရ၊ ကုန်ကြမ်းများ မလုံလောက် ကုန်ကြမ်းများမရ၊ ထွက်လာသော ထွက်ကုန်ပစ္စည်းများရဲ့ အရည်အသွေးနှင့် ဈေးနှုန်းများအရ ၀ယ်လိုအား နည်းပါးတာတွေဆိုတဲ့ ဟာက ဖြစ်ခဲ့ပြီးပါပြီ။ ဒါကို သင်ခန်း စာယူပြီး ဆောင်ရွက်ဖို့တင်ပြတဲ့ နေရာ မှာ မိမိတို့သုံးနှုန်းတဲ့ စကားလုံးတွေကြောင့် တခြားမလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ရလေအောင် ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ ရှေ့အလားအလာကို မျှော်တွေးနိုင်အောင် တင်ပြခြင်းပဲ ဖြစ်ပါတယ်။ လုပ်သားများဆိုတဲ့နေရာမှာ လူမရှိလို့မဟုတ်ပဲ မိမိတို့ပေးထားတဲ့ လုပ်ခလစာနဲ့ ၎င်းတို့ရဲ့ ဘ၀ရပ်တည်ရန် ခက်ခဲလို့ ခက်ခဲကြလို့ ဘေးကိုထွက် အဝေးသွား အလုပ်လုပ်နေရခြင်း ကိုလည်း သိရှိအောင်ဖော်ပြခြင်းဖြစ်ပါ တယ်။ လုပ်သားရအောင် စုဆောင်းတဲ့အခါမှာ လုပ်ခလစာနှင့် လုံလောက်မှု မရှိတဲ့အတွက် ဘ၀ရပ်တည်ရေးကို အဆင်ပြေဖို့ သက်ဆိုင်ရာဌာန အတော်များများက သက်သာချောင်ချိရေး အမည်တပ်၍ ဆောင်ရွက်ပေး နေတာတွေလည်း ယနေ့အထိလည်း ရှိနေဦးမှာပါ။ အဲဒီလို သက်သာချောင်ချိရေး ဆောင်ရွက်ပေးတဲ့ ငွေတွေဟာ ဘယ်ကရသလဲ၊ ဘယ်ကလာသလဲ၊ အဲဒီငွေတွေဟာ အမှန်တစ်ကယ် ဆိုရင်တော့ နိုင်ငံတော်ကရမယ့် ၀င်ငွေများဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို တရားဝင်လမ်းကြောင်းက မရောက်ပဲ တခြားနည်းနဲ့ ရောက်သွားခြင်းဟာလည်း ဒီဖြစ်ရပ်ဖြစ်စဉ်ဟာ နိုင်ငံ အတွက်၊ ဌာနအတွက်၊ ပြည်သူ့ အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးဆိုတာလည်း မိမိအတွေ့အကြုံနဲ့ ယှဉ်ပြီး သုံးသပ်မိပါတယ်။ ဒါကြောင့် မိမိတို့လေ့လာသုံးသပ် စိစစ်ပြီး အတည်ပြုရမယ့် စီမံကိန်းနှင့် ဘတ်ဂျက်ကို တကယ့်စိတ်ကောင်းစေတနာဖြင့် ဥာဏ်အမြော်အမြင်ဖြင့် စိစစ်ဖို့ လိုအပ်ပါတယ်။ ဒါကိုဆောင်ရွက်တဲ့နေရာမှာ မိမိတင်ပြတဲ့အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဘတ်ဂျက်က အဂတိကို ဖြစ်စေရင် မိမိတို့မလိုလားတဲ့ လာဘ်ပေးလာဘ်ယူကို ဖြစ်စေသော အကြောင်းများလည်း ရှိလာနိုင်ပါတယ်။ ဒါ ကြောင့် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များ ကိုယ်တိုင် အဂတိကင်းရေး လာဘ်ပေးလာဘ်ယူ ကင်းရေးနဲ့ မိမိ တို့ရဲ့ ပြည်သူများ၊ ၀န်ထမ်းများ၊ အဂတိကင်းရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရေးအတွက် ရည်မှန်းချက် ထားရှိဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှု စနစ်နဲ့ အခွန်ကောက်ခံမှု စနစ်သစ် မည်သို့ရှိသည် မည်မျှ အခွန်ကောက်ရမည်ကိုလည်း မိမိတို့ ယနေ့အထိ မတွေ့ရှိ မသိရှိရသေးပါ။ အဲဒီအခွန် ကောက်ခံ စနစ်မမှန်ရင် မကောင်းရင်လည်း အဂတိတွေ လာဘ်ပေးလာဘ်ယူမှုတွေ ရှိတတ်တာကိုလည်း မိမိတို့သတိပြုရမှာ ဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီလ ၁၇ ရက် နေ့ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးပြောကြားခဲ့သည်။ “လက်ရှိအချိန်မှာ တစ်ဦးချင်း ၀င်ငွေကို တိုးစေချင်တာကတော့ ကျွန်တော့်ရဲ့ သဘောထားအမှန်ပါပဲ။ ဦးရွှေမန်းပြောတဲ့စကား ထွက်တဲ့နေ့က ကျွန်တော်က အကယ်ဒမီပေးပွဲကို ရောက်နေတယ်။ အွန်လိုင်းတက်ကြည့်ရင်း အဲဒီသတင်းကိုတွေ့တယ်။ အွန်လိုင်းသုံးတဲ့ သူအကုန်လုံးက Bravo လုပ်ကြတယ်။ တစ်တိုင်းပြည်လုံး ၀မ်းသာကြတယ်။ ဦးရွှေမန်းပြောခဲ့သလို ဖြစ်စေချင်ကြတယ်။ ကျွန်တော်လည်း တစ်တိုင်းပြည်လုံး ဖြစ်စေချင်တာကိုပဲ ဖြစ်စေချင်တယ်။ ကျွန်တော့် သဘောကတော့ တစ်ချိန်မဟုတ် တစ်ချိန် တိုးပေးတာထက် အမြဲတမ်းလူတစ်ဦးချင်းစီရဲ့ ၀င်ငွေတိုးဖို့ဆန္ဒရှိပါတယ်”ဟု ပေါ်ပြူလာ အနုပညာဂျာနယ် အယ်ဒီတာချုပ်ကိုမျိုး (မြန်မာစာ)က သုံးသပ်ခဲ့ပါသည်။ “၀န်ထမ်းတွေရဲ့ လစာကိုတော့ တိုးစေချင်ပါတယ်။ ဒါပေမယ့် လစာတိုးပေမယ့် မီတာခတွေ၊ ဖုန်း သုံးစွဲခတွေလိုမျိုး တခြားအသုံးစရိတ်တွေကို လျှော့ချမပေးနိုင်ဘူးဆိုရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေဦးမှာပါပဲ။ အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်ချင်တယ် ဆိုရင်တော့ တစ်ဦးချင်း အဆင်ပြေ နေဖို့လိုထင်တယ်။ လူတစ်ယောက် ဟာ ဗိုက်ဆာနေရင်တော့ ကောင်းကောင်းတွေးနိုင်မှာ မဟုတ်ဘူး။ ၀မ်းဝနေမှ ကောင်းတာတွေ တွေးနိုင်မှာပါ။ အကျင့်ပျက်ခြစားမှုတွေ ပျောက်နိုင်ဖို့ဆိုရင်တော့ လစာတိုးပေးတာ တစ်ခုတည်းနဲ့တော့ မဆိုင်ဘူးပေါ့လေ။ တစ်ဦးချင်းစီရဲ့ ဆောက်တည်မှု အပေါ်မူတည်တာပေါ့။ ဒါပေမယ့် လစာ တိုးမပေးတာထက် စာရင်တော့ လစာတိုးပေးတာက ပိုပြီး ထိန်းသိမ်းသွားဖို့ ပိုလွယ်မယ်ထင်ပါတယ်”ဟု ကိုသူရအောင်(တာဝန်ခံအယ်ဒီတာ၊ Messenger ဂျာနယ်)က ပြောကြားခဲ့ပါသည်။ “လွှတ်တော်မှာ ပထမပြောသံ ကြားတော့ ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ ၀န်ကြီးဦးလှထွန်း ပြန်ဖြေတာကို ကြားလိုက်ရတော့ ကျွန်တော်တင်မဟုတ်ဘူး ၀န်ထမ်းတွေ အားလုံး စိတ်ဓာတ်ကျတာပေါ့၊ ဒီလစာနဲ့ စားသောက်စရိတ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှ စိတ်ချမ်းသာမှုမရှိဘူး၊ ၀န်ကြီးပြောတာလည်း မှန်တယ်လို့ထင်ပါတယ်။ လက်ရှိအနေအထားမှာ ဘယ်ဝန်ထမ်းကမှ ပြည်သူလူထုအပေါ်မှာ ပိုက်ဆံမ တောင်းချင်ပါဘူး၊ ဒီအတိုင်းပဲဆက် သွားမယ်ဆိုရင်တော့ လာဘ်ပေးလာဘ်ယူဆိုတာ ရှိနေဦးမယ်လို့ ထင်တယ်” ရန်ကုန်တိုင်းကြီးမှ အရာထမ်းတစ်ဦးကသူ၏ အမြင်ကို ပြောပြခဲ့သည်။ “လစာတိုးပေးမယ်လို့ ကြားတော့ ပျော်တာပေါ့၊ မျှော်လည်းမျှော်လင့် ထားတာကိုး၊ လတ်တလော မတိုးသေးဘူးဆိုတော့ စိတ်မကောင်း ဖြစ်သွားတာပေါ့”ဟု ပျဉ်းမနားမြို့မှ အထက်တန်းပြကျောင်းဆရာမ တစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့သည်။ “အသက် ၆၀ ပြည့်လို့ ပင်စင်ယူခဲ့ရပြီးပြီ။ အခုထိ စာသင်နေရတုန်းပဲ။ လစာငွေလေး တစ်သိန်း လောက်နဲ့ မိသားစုဘယ်လို ရပ်တည် နိုင်မှာလဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေအနေကြပ်တည်းနေရ တယ်ဆို တာဘာကြောင့်လဲဆိုတာ အရင်ဆုံး အဖြေရှာပါ။ ဌာနတွေဌာနတွေမှာ လစာ ၂ ခု ခံစားနေသူတွေ အများကြီး ရှိသေးတယ်။ ဆင်းရဲတယ်ဆိုတာ ကျွန်မတို့လို အောက်ခြေ၀န်ထမ်း တွေပါ။ အစိုးရ၀န်ထမ်း မဟုတ်တော့ပေမယ့် ကိုယ်နဲ့ ဘ၀တူ ဆင်းရဲဖော် ဆင်းရဲဘက်တွေ ချောင်ချောင်လည်လည် နေရရင် ပီတိဖြစ်ပါတယ်”ဟု စစ်ကိုင်းမြို့မှ အငြိမ်းစားအထက်တန်းပြ ဆရာမတစ်ဦးက ပြောပါသည်။ “၀န်ထမ်းတွေလစာတိုးဖို့ အဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင်တင်သွင်းတော့ ၀န်ထမ်းအများစုက လာမယ့်ဘဏ္ဍာနှစ်မှာ တိုးတော့မယ်လို့ တစ်ထစ်ချ ယုံကြည်ထားကြတယ်။ တကယ်တော့ ဝေးလံခေါင်းဖျားတဲ့ ဒေသက ၀န်ထမ်းတွေမှာ ကြပ်တည်းကြတာ မဟုတ်ပါဘူး။ မြို့ပေါ်မှာနေပြီး ကြပ်တည်း နေကြတဲ့ဝန်ထမ်းတွေအများကြီးပါ။ အားလုံးပြင်ဆင်ပြီးမှ လစာတိုးပေးတာ ကောင်းပေမယ့် ဖြစ်နိုင်သမျှ မြန်မြန်တိုးပေးတာ အကောင်းဆုံးပါ။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ တိုးပေးနိုင်တယ်လို့ မျှော်လင့်ချက်ရှိပေမယ့် အခုလို တစ်နှစ် နောက်ဆုတ်တာဟာ ၀န်ထမ်းတွေ ၀မ်းရေးဖြေရှင်းဖို့အတွက် နောက်ထပ်တစ်နှစ် မဟုတ်တာ လုပ်ခိုင်းလိုက်တာပဲ”ဟု မန္တလေးတိုင်း ဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော အရာထမ်းတစ်ဦးက ပြောသည်။ “လစာတိုးမယ်လို့ သတင်းထွက်လာကတည်းက အခြေခံစားသောက် ကုန်တွေရဲ့ဈေးနှုန်းက နည်းနည်းချင်း တက်နေပြီ။ ဒီနှစ်လစာမတိုးသေးဘူးဆိုတော့ အခုတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ရတဲ့ လစာနဲ့ အဆင်မပြေနိုင်ပါဘူး။ သူရဦးရွှေမန်းတင်သွင်းတဲ့ အတိုင်းဝန်ထမ်းတွေလစာ တိုးခဲ့မယ်ဆိုရင် တောင်မှ ၃ နှစ် လောက်ကြာရင် ကုန်ဈေးနှုန်း ပြန်တက်လာတာနဲ့ ဒီတိုင်းပဲပြန်ဖြစ်သွားမှာ။ အဲဒီတော့ လစာကိုလည်း တိုးပေးမယ်။ တစ်ဖက်ကနေပြီး ကုန်ဈေးနှုန်း မတက်အောင်လည်း ထိန်းထားနိုင်မှ အဆင်ပြေလိမ့်မယ်။ ဇာတိရပ်မှာအလုပ်မလုပ်ရတဲ့ သူတွေ ဆိုရင်အထွေထွေကုန်ကျစရိတ်တွေ နဲ့ လက်ရှိရတဲ့လစာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ ကထိက တစ်ယောက်လစာက တစ်သိန်းကျော်ပဲရတယ်။ အိမ်ထောင်သည် ၀န်ထမ်းမပြောနဲ့ လူလွတ်ဝန်ထမ်း တစ်ယောက်တောင် လစာတစ်သိန်းကျော်နဲ့ ရပ်တည်ဖို့မလွယ်ဘူး။ ကျန်းမာရေးတစ်ခုခုဖြစ်လို့ ခွင့်ယူရင်လစာဖြတ်ခံရတဲ့အတွက် ဆေးကုသတဲ့စရိတ်လည်း ကုန်တဲ့အပြင်အကြွေး ပါတင်သေးတယ်။ ၀န်ထမ်းတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာလည်း မရှိဘူး”ဟု တက္ကသိုလ် ကထိက တစ်ဦးကလည်း ပြောကြားခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ရန်ကိစ္စနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုးဖြင့် သုံးသပ်ပြောဆိုမှုများ ရှိနေပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ Eleven Media Group ၀က်ဘ်ဆိုက်မှတစ်ဆင့် စစ်တမ်းကောက်ယူခဲ့ရာ တစ်ရက်တာအတွင်း လူ ၇၉၀ ဦးက ဆန္ဒပြုခဲ့ကြသည်။ ယင်းတို့အနက် ၃၁၄ ဦး(၃၉ ဒသမ ၇ ရာခိုင်နှုန်း)က ပြင်ဆင်သင့် သည်များကို ပြင်ဆင်၍ နောက်တစ်ကြိမ် တွင် လွှတ်တော်၌ အဆိုတင်သွင်း ကာ ၆ လအတွင်း လစာတိုးပေးသင့်ကြောင်း အဆိုပြုခဲ့ကြသည်။ ၂၉၉ ဦး(၃၇ ဒသမ ၈ ရာခိုင်နှုန်း)က ၀န်ထမ်းအားလုံးလစာကို ချက်ချင်းတိုးပေးသင့်ကြောင်း ဆန္ဒပြုခဲ့ပြီး ၁၇၇ ဦး(၂၂ ဒသမ ၄ ရာခိုင်နှုန်း)ကတော့ အစိုးရဘတ်ဂျက် အနေအထားအရ တစ်နှစ်အကြာတွင်းမှသာ လစာတိုးပေးသင့်ကြောင်း အသီးသီး ဆန္ဒပြုခဲ့ကြသည်ကို တွေ့ရပါသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၀န်ထမ်းများ၏ လစာ၊ ပင်စင်၊ လုပ်ခများ တိုးမြှင့်ပေးမှု အခြေအနေ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ် ၁၉၉၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ် ၂၀၀၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ် ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် (၁) ကြိမ် ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့တွင်(၁) ကြိမ် တိုင်းဒေသကြီး/ပြည်နယ် လူမှုရေးခက်ခဲသည့် မြို့နယ်များ ၀န်ထမ်းဦးရေ
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည့် ၀န်ထမ်းလစာ နှုန်းထားများ
နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ကြောင်း ရှင်းလင်းသည့်အပေါ် အမြင်များ ‘ဦးရွှေမန်းပြောတဲ့စကားကို အကြွင်းမဲ့ ကြိုဆိုထောက်ခံပါတယ်။ အောက်ခြေ လူတန်းစားတွေက တစ်နေ့တစ်ခြား ဆင်းရဲတွင်း နက်နေကြရတယ်။ မီးရထားခ တွေ ဆယ်ဆတက်သွားတယ်။ မီတာခတွေတက်တယ်။ ရေခွန်မီးခွန်တွေ တက်တယ်။ အကြွေး ၀န်ထုပ်ဝန်ပိုးကြီး ပိသထက်ပိလာတယ်။ ဒီလိုအချိန်မှာ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ ဆိုရိုးစကားတွေ အကျင့်ပျက်ခြစားမှုတွေ ကြီးသထက်ကြီး လာတတယ်။ ဒီအခါမှာ မလွှဲမရှောင်သာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာတယ်။ အခု လစာမတိုးခြင်း အားဖြင့် ၀င်ငွေထွက်ငွေမမျှဘဲ ဒီသံသရာ လည်ပတ်လို့ ဆုံးမှာမဟုတ်ဘူး။ ဆန္ဒရှိတယ်ဆိုရင် ပေးလို့ ရပါတယ်။ ဓာတ်ငွေ့ရောင်းလိုက်တဲ့ ပိုက်ဆံတွေက ဘယ်တွေ ရောက်သွားသလဲ’ လူထုဦးစိန်ဝင်း ‘ဓာတ်ဆီဈေးတွေ ခဏခဏ တိုးမြှင့်တာ၊ မီတာခတွေ မြှင့်တာ ကျပ် ၅၀၀၀ တန် ဖုန်းမလုပ်ဘဲ ကျပ်နှစ်သိန်းနဲ့ အမြတ်အဆများစွာ တင်ရောင်းတာတွေဟာ လူထုကိုထိခိုက်စေပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးပြဿနာမှာ အရေးကြီးတဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာကို ဖြေရှင်းချင်လို့ လုပ်တာဆိုပြီး အစိုးရ အပေါ်အကောင်းမြင် နားလည်မှုပေးခဲ့တာတွေကို လူတွေ အမြင်ပြောင်း စေပါတယ်။ မြန်မာ့စီးပွားရေး ဦးမော့ဖို့အတွက် လာဘ်ပေး၊ လာဘ်ယူ ပြဿနာကအရေး ကြီးပါတယ်။ ဒီလိုလစာမတိုးရင် ဒီပြဿနာကို ကျွန်တော်တို့ ဘယ်လိုစကိုင်တွယ်မလဲ၊ တရားမျှတမှု မရှိသလို ဖြစ်ကုန်မှာပေါ့။ အပြင်မှာ အနိမ့်ဆုံးသန့်ရှင်းရေးတောင်မှ လစာနဲ့ခံစားခွင့် ၇၀၀၀၀-၈၀၀၀၀ ဟာ အရာရှိတစ်ယောက်၊ တက္ကသိုလ်က လက်ထောက်ကထိကနဲ့ တန်းတူ ဖြစ်နေပြီ။ ကျွမ်းကျင်ပန်းရံခေါင်းဆောင် တစ်ယောက်က ညွှန်ချုပ်ရသလောက် တစ်လနှစ်သိန်းရနေတယ်။ လာဘ်ရတဲ့ဌာနတွေ၊ ထိပ်ပိုင်းပုဂ္ဂိုလ်တွေက မထောင်းသာပေမယ့် လာဘ်မရတဲ့ဌာနတွေ၊ အောက်ခြေ၀န်ထမ်းတွေ အဖို့ တစ်နှစ်မပြောနဲ့ ၆ လတောင် တောင့်ခံမထားနိုင်ဘူး။ လုံခြုံရေးတာဝန်ရှိတဲ့ တပ်မတော်နဲ့ရဲတပ်ဖွဲ့က အောက်ခြေရဲဘော်တွေရဲ့ အခြေအနေဟာ အရမ်းဆိုးရွားနေတယ်။ စီးပွားရေးလည်း လုပ်လို့ မရဘူး။ အပြင်ဝင်ငွေလည်း ရှာလို့ မရတော့ဘူး။ အမိန့်နဲ့ချည်းပဲ ဒီပြဿနာကို ရှင်းလို့မရဘူး။ တရားဥပဒေ စိုးမိုးရေး အခြေအနေကို ထိခိုက်နိုင်ပါတယ်။ အစိုးရအနေနဲ့ အရင်အစိုးရရဲ့ ဆိုးမွေတွေကို ဆက်ခံခဲ့ရတာကို နားလည်ပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချင်တာ တစ်ခုတည်းနဲ့တော့ ဒီလိုမလုပ်သင့်ဘူး။ ငွေတွေရိုက်သင့်ရင် ရိုက်ရမှာပဲ။ အခုသွားနေတဲ့ နိုင်ငံရေး ပွင့်လင်းမှု၊ စီးပွားရေး အလားအလာကောင်းတွေကြောင့် ငွေကြေးဖောင်းပွမှု ကြီးမားစွာ ဖြစ်စရာမရှိပါဘူး။ ကြောက်စရာမရှိပါဘူး။ အစိုးရအနေနဲ့ ဘတ်ဂျက်ချွေတာတဲ့ နည်းတွေကိုလည်း ရှာကြံသုံးစွဲသင့်တယ်။ မလိုအပ်တဲ့ ပရောဂျက်တွေ ရပ်ဆိုင်းသင့်သလို ၁၀ %၊ ၂၀ % Percentage ကိစ္စမျိုးတွေ၊ အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရင်းနှီးပေါင်းသင်း ဆက်ဆံနေတာတွေ၊ ပူးတွဲ လုပ်ကိုင်နေတာတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။ အခွန်အပြည့်အ၀ ကောက်ခံလို့ မရနိုင်သေးတဲ့ အခြေအနေမျိုးမှာ Alternative Tax (ဖုန်း၊ ကား) တို့ကနေ အခွန်ရှာနေတာတွေကိုလည်း လူထု အနေနဲ့ နားလည်ပေးသင့်ပါတယ်။ အခွန်ထမ်း အသစ်တွေ ရှာကြံတဲ့နည်း၊ အခွန်ရှောင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေကို ဖိဖိစီးစီး ကောက်ခံတဲ့နည်းတွေ ကျင့်သုံးသင့်ပါတယ်။ မလိုလားအပ်တဲ့ ၀န်ကြီးဌာနတွေ လျှော့ချပစ်တာ၊ ဖွဲ့စည်းပုံလျှော့ချပစ်တာ၊ ပိုလျှံတဲ့ဝန်ထမ်းတွေ လျှော့ချပစ်တာမျိုးတွေဟာ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဆုံးဖြတ်ချက် ကိုပြင်ပေးပါလို့ တိုက်တွန်းပါတယ်။’ ဒေါက်တာသန်းထွဋ်အောင် (CEO(Eleven Media Group)) ‘၀န်ထမ်းတွေ လစာတိုးပေမယ်ဆိုတဲ့ ကိစ္စမျိုးကို ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီအတွက် နိုင်ငံတော်ကလည်း ဘက်ဂျက်လိုပါတယ်။ အရင်တုန်းက နိုင်ငံတော် ဘတ်ဂျက်ကို ၆ ကျပ်နဲ့ တွက်ခဲ့တာရှိပေမယ့် ဒီနှစ်မှာတော့ ဈေးကွက်ပေါက်ဈေး ၈၀၀ လောက်နဲ့ တွက်မှာပါ။ အဲဒီအတွက် ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် နေကြပါတယ်။ ၀န်ထမ်းတွေရဲ့ အမှန်အတိုင်းပြောရင် လစာတိုးမြှင့်နိုင်ဖို့ လိုပါတယ်။ ဒါမှ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ကျဆင်းသွားမှာပါ။ တဖက်ကလည်း အခွင့်အရေးနဲ့အတူ တာဝန်ယူမှုရှိနေပါတယ်။ နိုင်ငံတော်က ၀န်ထမ်းတွေကို လစာတိုးပေးလိုက်သလို ၀န်ထမ်းတွေဘက်ကလည်း နိုင်ငံတော်ကို အခွန်ပြန်ဆောင်ရမှာ တွေရှိပါတယ်။ ဒီတော့ ၀န်ထမ်းတွေကလည်း နိုင်ငံတော်ကို အခွန်ဆောင်တတ်တဲ့ အလေ့အကျင့်လေးတွေတော့ ပြုစုပျိုးထောင် ထားသင့်ပါတယ်။ တဖက်က နိုင်ငံတော်က အခွန်ကောက်တယ်ဆိုတဲ့ နေရာမှာလည်း မျှမျှတတပဲ ကောက်သင့်ပါတယ်။ ချမ်းသာတဲ့လူတွေကို wealth tax ကောက်မယ်ဆို ကောက်လို့ရပါတယ်။ ဒီလိုပဲ ဆင်းရဲသားတွေအပေါ်မှာ ကောက်တဲ့အခွန်ကို ကျတော့ တရားနည်းလမ်းကျဖို့ လိုပါတယ်။ တရားနည်းလမ်း မကျဖူးဆိုရင် အခွန်ထမ်းတဲ့ ပြည်သူတွေကလည်း ဘယ်သူမှထမ်းချင်မှာ မဟုတ်ပါဘူး။ ဒီတော့ အစိုးရနဲ့ ပြည်သူကြားမှာလည်း ယုံကြည်မှု တည်ဆောက်နိုင်ဖို့ လိုပါတယ်’ ဦးမော်သန်း (စီးပွားရေးပညာရှင်) ‘လစာတိုးပေးတဲ့ ရလဒ်ကတော့ နိုင်ငံရဲ့ဝန်ထမ်းတွေ အဂတိလိုက်စားတာကို လျော့နည်းစေတယ်၊ လျော့နည်းအောင် ကိုင်တွယ်လို့ရလာမယ်။ ၀န်ထမ်းတွေ အဂတိတရားကင်းမှ တိုင်းပြည်တစ်ကယ် တိုးတက်မှုကို လုပ်ဆောင်တာ ပိုထိရောက်မှာပါ။ လစာတိုးတာ တစ်ခုတည်းမဟုတ်ပဲ ၀န်ထမ်းတွေရဲ့ ဘ၀လုံခြုံမှုအတွက် အစီအမံတွေ လုပ်ပေးတာမျိုးလည်း လိုအပ်ပါတယ်’ ဦးနိုင်မင်းစိုးသိန်း (ကရင်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး) ‘ကျွန်တော်တို့လွှတ်တော်က လစာတိုးပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကိုအခွန်ဝန်ကြီးက မတိုးနိုင်ဘူးလို့ ပြောသွားပါတယ်။ ခုတော့ ကျွန်တော်တို့ ပြောတာတွေကို သူတို့က ဟိုရွှေ့ဒီရွှေ့ လုပ်နေတယ်။ ၀န်ကြီးတွေကိုလည်း ကျွန်တော်တို့ လွှတ်တော်က ဆုံးဖြတ်ပြီးတော့ ခန့်အပ်ထားတာပါ။ ဖြစ်သင့်တာက ၁၀၀ ရာခိုင်နှုန်း မတိုးနိုင်ဘူးဆိုရင်တောင် ငါးဆယ်ရာခိုင်နှုန်းတော့ တိုးနိုင်တယ်လို့ ယူဆပါ။ တိုးဖို့ လုပ်ကိုလုပ်ပေးရပါမယ်။ အဲဒီအတွက် ကျွန်တော်ထင်တာကတော့ အရေးမကြီးသေးတဲ့ စီမံကိန်းကြီးတွေရဲ့ ဘတ်ဂျက်ကိုလျှော့ပြီး အဲဒီကထွက်လာမယ့် ဘတ်ဂျက်တွေကို တိုးပေးလို့ရပါတယ်။ အခု ဝေးလံခေါင်သီဒေသက ၀န်ထမ်းတွေကို ရှားပါးစရိတ် တိုးပေးတာပဲရှိတယ်။ လစာတိုးပေးတာ မဟုတ်သေးဘူး။ တစ်ဝက်တိုးပေးမယ် ဆိုရင်တောင် အာဆီယံရဲ့ စံချိန်စံညွှန်းတွေကို မမီသေးဘူး။ အနည်းဆုံးတော့ တစ်ဝက်လောက်တော့ တိုးပေးသင့်တယ်။ စက်မှုစီမံကိန်းကြီးတွေကို လျှော့ပြီးတော့ လစာတိုးပေးလိုက်ရင် ခြစားမှုတွေကိုလည်း ကိုင်တွယ်သွားနိုင်မှာပါ’ ဦးဂျေယောဝူ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ‘လစာတိုးပေးတဲ့ နေရာမှာ ဒေသတွင်းစံနှုန်းနဲ့ ကိုက်ညီဖို့ပဲ အရင်စဉ်းစားသင့်တယ်။ အရင်ခေတ်က အရာရှိငယ်တစ်ယောက်ရဲ့လစာက ရွှေတစ် ကျပ်သားဝယ်လို့ရတယ်။ အဲဒီတော့ အခု အရာရှိငယ်တစ်ဦးရဲ့လစာကျပ် ရှစ်သောင်းတန်းကို ခုနစ်သိန်းကျော်အထိ တိုးပေးရမလို ဖြစ်နေတယ်။ အဓိကတော့ ရွှေဈေးနဲ့မတိုင်းတာ စေချင်ဘူး။ ကမ္ဘာ့ငွေကြေး စနစ်မှာလည်း ရွှေပါဝင်မှုမရှိသလောက် ဖြစ်သွားပြီဆိုတော့ ရွှေဈေးနဲ့ တိုင်းတာတာထက် ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွနှုန်း၊ စားသုံးသူဆညွှန်းကိန်းတို့လို အခြေအနေတွေ အပေါ်မှာပဲ အကဲဖြတ်သင့်ပါတယ်။ အဓိကကတော့ အာဆီယံစံနှုန်းမီတဲ့ ၀န်ထမ်းလစာ ဖြစ်သင့်တယ်။ ဦးသန်းလွင် (ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်လီမိတက်) ‘ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကတော့ ပင်စင်လစာတွေကိုလ ည်း တိုးပေးပြီးပြီ ဆိုတော့ဝန်ထမ်းတွေကိုလည်း လစာတိုးပေးချင်တဲ့ သဘောရှိတယ်လို့ ထင်ပါတယ်။ ဒါမှလည်း ၀န်ထမ်းတွေရဲ့အနေအထားက အတိုင်းအတာတစ်ခုထိ တိုးတက်သွားနိုင်ပြီး အတိုင်းအတာတစ်ခုထိ ပြေလည်သွားစေနိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် ဘဏ္ဍာအခွန်ဝန်ကြီးကတော့ လက်ရှိနိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အခြေအနေအရ ၀န်ထမ်းတွေကို လစာတိုးမပေးနိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ အနေနဲ့ ပြောရရင်တော့ လစာတိုးပေး စေချင်တာပေါ့လေ။ ၀န်ထမ်းတွေ ဆိုတာကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲမလား။ နိုင်ငံတော်အနေနဲ့ လက်ရှိအနေအထားအရ တိုးမပေးနိုင်သေးဘူးဆိုရင် တောင်မှ ဒီတစ်နှစ်အတွင်းတော့ တိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှလည်း ၀န်ထမ်းတွေ အတိုင်းအတာ တစ်ခုအထိ အလုပ်လုပ်သွားနိုင်မှာပါ။’ ဦးမျိုးအောင် (အယ်ဒီတာချုပ်၊ မျက်မှောက်ရေးရာမဂ္ဂဇင်း) ‘ အခုလွှတ်တော်မှာ သူရဦးရွှေမန်းက ၀န်ထမ်းတွေအနေနဲ့ လစာငွေ မလုံလောက်မှုကြောင့် အကျင့်ပျက်နေကြတယ်လို့ ပြောသွားတာ သိပ်မှန်ပါတယ်။ တစ်ဖက်က ၀န်ကြီးဖြစ်သူရဲ့ ရှင်းလင်းချက်ကလည်း ဟုတ်တာပဲ။ ကျွန်တော်တို့ဟာ နှစ်ပေါင်း ၂၀ ကျော် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ အခြေအနေကို သိခွင့်မှမရခဲ့ကြတာ။ ဘတ်ဂျက်ကိုလည်း အခုမှ ထုတ်ပြန်တာလေ။ စီမံခန့်ခွဲရတာ အခက်အခဲရှိကောင်း ရှိနိုင်ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ၀င်ငွေမလောက်မငှနဲ့ ရုန်းကန်နေရတဲ့ ၀န်ထမ်းတွေရဲ့ဘ၀ကို ပြန်ကြည့်ပါဦး။ တစ်ပြိုင်တည်း တိုးပေးလို့မဖြစ်နိုင်ဘူးဆိုရင် အသုတ်လိုက်ခွဲပြီး တိုးဖို့စဉ်စားစေချင်ပါတယ်။ တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းချဖို့ လုပ်ဆောင်ရပါမယ်။ ကုန်ဈေးနှုန်းချတယ် ဆိုတာ ကုန်သည်ပွဲစားကို ဖမ်းဆီးအရေးယူဖို့ ပြောတာမဟုတ်ဘူး။ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ ကုန်ကျနေရ တာကိုလျော့ချဖို့လုပ်ရပါမယ်။ ၀န်ထမ်းတွေကတော့ မစားလောက်ရင် လုပ်မှာပဲ။ စားလောက်ရဲ့သားနဲ့ လုပ်နေတဲ့သူတွေတောင် ရှိတာပဲဗျာ။’ ပြင်ဦးလွင်မြို့မှ အငြိမ်းစား သစ်တောဝန်ထမ်း တစ်ဦး ‘လက်ရှိဖြစ်နေတဲ့ အနေအထားအတိုင်း ဆိုရင် အစိုးရ၀န်ထမ်းတွေကို လစာတိုးပေး သင့်ပါတယ်။ ၀န်ထမ်းတစ်ယောက်ရဲ့ လစာဟာ တစ်လကို တစ်သိန်း လောက်ရမှ နေလို့ထိုင်လို့ရတဲ့ အနေအထားပဲရှိသေးတယ်။ ပြောင်ပြောင်ရောင်ရောင် နေလို့ရတဲ့ အခြေအနေ မဟုတ်သေးဘူး။ အပြင်မှာ causal တစ်ယောက်က တစ်နေ့ကို အရင်တုန်းက ၃၀၀၀ ကျပ်ရတယ်။ အခုဆိုရင် ကျွမ်းကျင်လက်သမား ဆရာတစ်ယောက်ကို ၄၅၀၀၊ ၅၀၀၀ကျပ် မပေးရင် မရတော့ဘူး။ ၄၅၀၀ကျပ် ပဲထား၊ တစ်လကို ၁၃၅၀၀၀ ကျပ်ရနေပြီ။ အစိုးရ၀န်ထမ်းတွေမှာ နည်းပြတစ်ယောက်ရဲ့လစာတောင် တစ်သိန်းမပြည့်သေးဘူး။ သူတို့ ဘယ်လိုနေထိုင်စား သောက်ကြမလဲ။ အစိုးရက အစိုးရ၀န်ထမ်းတွေကို အခွန်ကရတဲ့ငွေနဲ့ လစာပေးတယ်။ ဒီတော့ အစိုးရဘက်အပိုင်းမှာ အခွန်မှန်မှန် ကောက်ရဖို့ အရေးကြီးလာပြီ။ အခွန်ကိုရအောင် ကောက်ရမယ်။ အခွန်ထမ်းတွေ စိတ်ပါလက်ပါ အခွန်ပေးချင်လာအောင် အခွန်စနစ်မျိုးဖြစ်ရမယ်။ အခွန်ဆိုတာပေးချင်တဲ့သူ နည်းတယ်။ ဒါကြောင့် အခွန်ကောက်ခံမှု စနစ် မှန်ကန်ဖို့လိုတယ်။ စင်ကာပူမှာဆိုရင် နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ဘာပဲဝယ်ဝယ် GST အတွက် ၇ ရာခိုင်နှုန်းကို ဆိုင်က အခွန်အတွက် ပိုကောက်တယ်။ အဲဒီငွေကိုသူတို့က အခွန်ဌာနကိုပေးတယ်။ သူတို့က ကွန်ပျူတာနဲ့ကောက်ပြီး ကွန်ပျူတာနဲ့ပဲ အခွန်ဌာနကိုပို့တာ ဆိုတော့ တိတိကျကျ မှန်မှန်ကန်ကန်ရတယ်။ ကျွန်တော်တို့ဆီမှာက အခွန်ကို လူတွေက ကောက်တယ်။ လူတွေကကောက်ရင် ညှိတယ်ဆိုတဲ့ အဆင့်ဖြစ်လာပြီ။ ဒီတော့ အခွန်မှန်မှန်ရဖို့ ဆိုရင် လူတွေနဲ့လုပ်တဲ့ အစားစက်တွေနဲ့ လုပ်တာမျိုးဖြစ်သင့်တယ်’ဟု ပြောကြားခဲ့သည်။ ဦးကိုကိုကြီး (မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ အထွေထွေ အတွင်းရေးမှူး) ‘ယေဘုယျအားဖြင့် ကြည့်ရင် ၀န်ထမ်းတွေကို လစာတိုးပေးတာ ကောင်းပါတယ်။ ဒါပေမယ့် တဘက်ကလည်း ကုန်ဈေးနှုန်းပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါသေးတယ်။ လစာတိုးပေးလိုက်လို့ ကုန်ဈေးနှုန်းတွေ လိုက်တက်မယ်ဆိုရင် ငွေကြေးဖောင်းပွတာပဲ အဖတ်တင်သွားမှာပါ။ ဒီကိစ္စကို ကိုင်တွယ်တဲ့နေရာမှာ နိုင်ငံတကာ ပညာရှင်တွေနဲ့လည်း ဆွေးနွေး သုံးသပ်သင့်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ၀န်ထမ်းဦးရေက ၆ သန်းမရှိပါဘူး။ သူတို့ကို တိုးပေးတာ ကောင်းပေမယ့် အခြားဝန်ထမ်း မဟုတ်တဲ့သူတွေလည်း ရှိပါသေးတယ်။ တဖက်ကလည်း ပုဂ္ဂလိက ကုမ္ပဏီတွေက လိုက်တိုးဖို့ လိုလာတဲ့အခါ ကုမ္ပဏီကြီးတွေအတွက် ပြဿနာ မရှိပေမယ့် ကုမ္ပဏီငယ်လေးတွေ အတွက် ၀န်ထမ်းဦးရေလျှော့ချတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသားရေး အကျိုးစီးပွားဆိုတာကို ရှေ့ရှုပြီး သွင်းကုန်တွေကို ကန့်သတ်ထားမယ်ဆိုရင် နောက်တစ်ခု ကုန်ဈေးနှုန်းကျဆင်းဖို့ ဆိုရင် အဲဒီနည်းလမ်းက သိပ်မသုံးဝင်မှာ မဟုတ်တော့ဘူး။ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်မှုရှိမှ၊ ဥပမာ-စားအုန်းဆီလိုမျိုး ဖွင့်ပေးလိုက်တယ်ဆိုရင်တော့ အပြိုင်အဆိုင်ဖြစ်လာရင် ဈေးအရမ်းတင်လို့ မရတော့ဘူး။ အဲလို ထောင့်လိုမျိုးတွေကနေ စဉ်းစားသုံးသပ်ပြီး စနစ်တကျအဖြေရှာပြီးမှ ၀န်ထမ်းတွေကို လစာဘယ်လောက် ရာခိုင်နှုန်း တိုးပေးသင့်တယ်ဆိုတာမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်’ စာရေးဆရာ ကောင်းသန့် ‘၀န်ထမ်းတွေကို လစာတိုးပေးတဲ့အခါမှာ လက်ရှိ အနေအထားအရတော့ လစာတိုးပေးတာထက် အခြား facility ပိုင်းတွေ တိုးပေးတာက ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။ ဥပမာ-၀န်ထမ်းမိသားစုတွေရဲ့ ကျန်းမာရေး၊ ကလေးတွေ ပညာရေးအတွက် တစ်နှစ်ကို ဘယ်လောက်ထောက်ပံ့မယ် ဆိုတာမျိုးတွေနဲ့ အကူအညီပေးသင့်သလို တဖက်ကလည်း ၀န်ထမ်းတွေ အလုပ်လုပ်အောင် တွန်းအားပေးဖို့ လိုတယ်။ တချို့အစိုးရရုံးတွေမှာဆိုရင် ၀န်ထမ်းတွေက နာမည်ပေါက် ထားတာပဲရှိတယ်။ ရုံးသွားမတက်ဘူး။ အချိန်တန်မှ လစာသွားထုတ်တယ်။ အချိန်တန်ရင် ပင်စင်ရတယ်။ အဲဒါတွေရှိနေရင် အလုပ်လည်း မပြီးမြောက်ဘူး။ နိုင်ငံတော်ရဲ့ဘတ်ဂျက်လည်း ဆုံးရှုံးတယ်။ ၀န်ထမ်းတွေရဲ့ capacity လည်းကျတယ်။ တလောက ၀န်ကြီးတစ်ပါးနဲ့ စကားပြောဖြစ်တယ်။ သူကိုယ်တိုင် အစိုးရ၀န်ထမ်းတွေထဲမှာ အလုပ်မလုပ်တဲ့ ၀န်ထမ်းတွေ များနေတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ဒီဝန်ထမ်းတွေကို လျှော့ချလိုက်ရင်တော့ တကယ် အလုပ်လုပ်တဲ့ ၀န်ထမ်းတွေကို ပိုတိုးပေးနိုင်တယ်လို့ပြောတယ်။ ဒါပေမယ့် တဘက်က အလုပ်လက်မဲ့ ပြဿနာတွေ ပေါ်လာရင် အသံတွေကလည်း ညံလာအုံးမယ်။ အဲတော့ အခုလိုပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့ကာလမှာ အစိုးရအနေနဲ့ မူဝါဒတစ်ရပ်ကို ခိုင်ခိုင်မာမာပြဌာန်းပြီး အကောင်အထည်ဖော်ဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့၊ ပညာရှင်တွေရဲ့ အမြင်ကိုယူနိုင်ဖို့ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတဲ့ အနေအထားတွေကို သိနိုင်ဖို့ လိုအပ်ပါတယ်’ ဦးမျိုးလှိုင်ဆွေ (မူဆယ်/နမ့်ခမ်းကုန်သည်ကြီးများ အသင်း) ‘အခြေခံအားဖြင့်တော့ ၀န်ထမ်းလစာကို တိုးကိုတိုးမှရမှာပါ။ ဘယ်လောက် တိုးပေးမယ်ဆိုတာတော့ ပြန်လာမယ့် Impact နဲ့ နှိုင်းယှဉ်ပြီး တိုးပေးမယ့် နှုန်းကိုတွက်ချက်ရမှာပါ’ ဦးရဲမင်းအောင် (မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ အထွေထွေ အတွင်းရေးမှူး) ‘၀န်ထမ်းတွေလစာတိုးဖို့ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်တိုင်တင်သွင်းတော့ ၀န်ထမ်းအများစုက လာမယ့်ဘဏ္ဍာနှစ်မှာ တိုးတော့မယ်လို့ တစ်ထစ်ချယုံကြည်ထားကြတယ်။ တကယ်တော့ ဝေးလံခေါင်းဖျားတဲ့ ဒေသက ၀န်ထမ်းတွေမှ ကြပ်တည်းကြတာ မဟုတ်ပါဘူး။ မြို့ပေါ်မှာနေပြီး ကြပ်တည်းနေကြတဲ့ ၀န်ထမ်းတွေအများကြီးပါ။ အားလုံးပြင်ဆင်ပြီးမှ လစာတိုးပေးတာ ကောင်းပေမယ့် ဖြစ်နိုင်သမျှ မြန်မြန်တိုးပေးတာ အကောင်းဆုံးပါ။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ တိုးပေးနိုင်တယ်လို့ မျှော်လင့်ချက်ရှိပေမယ့် အခုလို တစ်နှစ်နောက်ဆုတ်တာဟာ ၀န်ထမ်းတွေ ၀မ်းရေးဖြေရှင်းဖို့အတွက် နောက် ထပ်တစ်နှစ် မဟုတ်တာ လုပ်ခိုင်းလိုက်တာပဲ’ မန္တလေးတိုင်းဒေသကြီး အတွင်း တာဝန်ထမ်းဆောင်နေသော အရာထမ်းတစ်ဦး ‘ကျွန်မ မူလတန်းပြဆရာမပါ။ လစာ ၅၂၀၀၀ ပဲရတယ်။ မိသားစုတစ်စုလုံး ဒီငွေနဲ့ရပ်တည်လို့မရတော့ မဖြစ်မနေ ကျူရှင်ပြရတော့တာပေါ့။ လစာတွေတိုးမယ်လို့ သတင်းကြားတော့ဝ မ်းသာပါတယ်။ တိုးလည်း တိုးပေးစေချင်ပါတယ်။ ကျောင်းဆရာမတွေ ကျူရှင်မပြရဘူးလို့ ညွှန်ကြားချက်ရှိပေမယ့် လစာနဲ့မလုံလောက်တော့ အာလုံးနီးပါး ကျူရှင်ပြနေရတယ်။ ကျောင်းမှာလည်း ပင်ပန်းခဲ့တော့ ကျူရှင်မပြချင်ပါဘူး။ စားဝတ်နေရေးအတွက် မတက်သာလို့သာ ဆရာမတွေအနေနဲ့လည်း ကျူရှင်ပြနေတာပါ။ ကျွန်မအနေနဲ့ လစာသာ တကယ်တိုးခဲ့ရင် ကျူရှင်မပြတော့ဘူးလို့ စဉ်းစားထားတာပါ။ အခုတော့ ဒီနှစ် မတိုးသေးဘူးဆိုတော့။ ကိုယ့်အနေနဲ့လည်း စာသင်တာက လွဲရင် ဘာမှမလုပ်တတ်တော့ နောက်ကျောင်းဖွင့်ရင်လည်း ဒီလိုပဲ ကျူရှင်ပြရဦးမှာပါပဲ’ မန္တလေးမြို့ရှိ အလယ်တန်း ကျောင်းတစ်ကျောင်းမှ မူလတန်းပြ ဆရာမတစ်ဦး ‘လစာတိုးပေးသင့်တယ်။ ဘယ်နှစ်ဆဆိုတာထက် အောက်ခြေကို ဘယ်လောက်၊ အပေါ်ကို ဘယ်လောက်ဆိုတာမျိုး ဖြစ်သင့်တယ်။ တပြေးညီ တိုးတာမျိုး မဖြစ်သင့်ဘူး။ ၀န်ထမ်းတွေ လစာနည်းရင် corruption များလာတယ်။ ၀န်ထမ်းတစ်ယောက်ရဲ့ လစာက တစ်သိန်းတောင် မပြည့်တော့ တစ်နေရာရာမှာတော့ ညှစ်ရမှာပဲ။ ဒါကြောင့် corruption ဆိုတာ ရှိလာတာ။ လစာနည်း ၀န်ထမ်းတွေကို ဘယ်နှယ်ရာခိုင်နှုန်း ဆိုတာမျိုး၊ လစာများတဲ့သူတွေကို ဘယ်လောက်ဆိုတာမျိုး မျှမျှတတနဲ့ တစ်ဘက်စောင်းနင်း မဖြစ်အောင် တိုးပေးဖို့လိုတယ်။ အထူးသဖြင့် လစာနည်းဝန်ထမ်းတွေကို ပြန်ကြည့်သင့်တယ်။ ၀န်ထမ်းတွေကလည်း နိုင်ငံတော် က လစာတိုးပေးတဲ့အတိုင်း အလုပ်လုပ်ဖို့လိုတယ်’ ဦးဇော်ဝင်း (ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစား၊ ဒုညွှန်ချုပ်) ‘အခုကိစ္စကလွှတ်တော်ထဲမှာ အပြီးအပြတ် ဆုံးဖြတ်ထားတာတော့ မဟုတ်သေးဘူ။ ပြည်ထောင်စုလွှတ်တော်ကို ရောက်လို့ရှိရင်တော့ ထပ်ပြီး ဆွေးနွေး သုံးသပ်လို့ ရသေးတယ်။ ၀န်ထမ်းကို အကယ်၍ လစာတိုးပေးဖို့ နိုင်ငံတော်ပိုင်းမှာ အခက်အခဲရှိနေတယ်ဆိုရင် ရှားပါးစရိတ်ပုံစံမျိုးနဲ့ အထောက်အပံ့ ပေးတယ်ဆိုရင်လည်း ၀န်ထမ်းတွေအတွက်တော့ ထွက်ပေါက်တစ်ခုပဲ။ အရင်တုန်းက ၀န်ထမ်းတွေကို ရှားပါးစရိတ်ပေးခဲ့တာ ရှိခဲ့ဖူးတယ်။ အခုလည်း အဲလိုပုံစံမျိုး အတိုင်းပံ့ပိုးပေးတာမျိုး လုပ်မယ်ဆိုရင်တော့ ၀န်ထမ်းတွေလည်း အဆင်ပြေလာနိုင်တယ်’ ဦးခင်မောင် (ပင်စင်ဦးစီးဌာန၊အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ‘ကျွန်မတို့နိုင်ငံရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသားဆိုတော့ အားလုံးကသေချာပေါက် တိုးပြီလို့ပဲ တွက်ထားကြတာ။ ကျွန်မတို့ဝန်ထမ်းတွေ အကုန်လုံးက လစာတွေ တိုးပေးမယ်လို့ မျှော်လင့်ထားကြတာ၊ တိုးမယ်လို့ မျှော်လင့်ထားတာ မတိုးဘူးဆိုတော့ အားလုံး စိတ်ပျက်ကုန်တာပေါ့’ နေပြည်တော်ရှိတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦး |
Eleven Media
Group
Comments
မှန်ပါတယ်ဗျာ.. ဥပမာ ရန်ကုန်မှာစည်းကမ်းမဲ့ပရမ်းပတာမောင်းနေတဲ့ကားတွေကို တိတိကျကျဖမ်းဆီးအရေးယူပြီးသတ်မှတ်ထားတဲ့ဒဏ်ကြေးအတိအကျရိုက်မယ်ဆိုရင် တစ်လတစ်လရမှာမနည်းပါဘူး..ဒါဆိုရင်ကားတွေလည်းစည်းကမ်းရှိသွားမယ်..နိုင်ငံတော်ရဲ့ အခွန်တွေလည်းတိုးလာမယ်.အခုတော့သိတဲ့အတိုင်းပဲလေ၊ ဥပဒေချိုးဖောက်မယ့်ပြည်သူတွေကို အရေးယူရမယ့် ပြည်သူ့ရဲလို့ခေါ်တဲ့ ရဲတွေကိုယ်တိုင်က မစီးရပါဘူးဆိုတဲ့ ဆိုင်ကယ်တစ်ဝီဝီနဲ့ဆိုတော့..ဘာမှမထူးပါဘူး
နိုင်ငံတကာမှာ ရဲမှန်ရင် ရဲကျောင်းဆင်းပြီးထဲက ယဉ်ဥပဒေ နှင့်အခြားရာဇ၀တ်မှုဆိုင်ရာဥပဒေတွေကို နားလည်ပြီးသား တခြားနိုင်ငံတွေမှ မော်တော်ပီကယ်လို့ မြန်မာလို ခေါ်တဲ့ ယဉ်ထိန်းရဲသီးသန့်မရှိဖူး။ ရဲအားလုံးယဉ်ထိန်းတတ်ကြရသလို ယဉ်ထိန်းဖို့ ရာမှာလဲ ရဲအားလုံး သူ့ တာဝန်ပေးတာနဲ့ ယူကြရတယ် များသောအားဖြင့်အဆင့်နိမ့် ရဲတွေနဲ့ အရည်ချင်းနည်းရဲတွေကိုပေးလေ့ရှိတယ် အမှုလိုက်ရဲဆိုတာကတော့မှုခင်းဆိုင်ရာ သင်တန်းတွေ အဆင့်ဆင့် ထပ်မံတက်ထားသူတွေနဲ့ အရည်ချင်းရှိ ညာဏ်ကောင်းသူတွေကိုပေးလေ့ ရှိတယ် ဒါပေမဲ့ သူတို့ အားလုံးဟာလဲ လိုအပ်လျင် ယဉ်ထိန်းရတယ် ပြောချင်တာက တခြားနိုင်ငံမှာ ရဲတိုင်း ဟာ ရဲနဲ့ ပတ်သက်တဲ့ အရည်ချင်းရှိရတယ်။ လိုအပ်လျင်လိုအပ်သလို သုံးစွဲလို့ ရတယ် အဲလိုအရည်ချင်းမျိုး မြန်မာပြည်မှာရှိသလား ဒါကြောင့်လစာတိုးဖို့ ထိုက်တန်သလား။ ထိုင်းကရဲတွေ ဆို သားဖွားမီးယပ်ပါ တတ်ရတယ်။ မြန်မပြည်မှာ လူကြီးနဲ့ နီးစပ်ရာ မလိုအပ်ပဲ ဆွဲခန့် ပြီး လစာထိုင်ထုတ်စားနေတဲ့ သူတွေ အများကြီးပဲ ဒါကို ခင်ဗျားတို့ ဝန်ထမ်းတွေအသိဆုံးပါ။ ဒီလူတွေကို အရင်ရှင်းထုတ်ပြီးမှ အရည်ချင်းလိုက် လစာကို စံချိန်နှုန်းအညီတိုးသင့်တယ် ဒါပါပဲ ခပ်ရိုင်းရိုင်းပြောရလျင် လစာတိုးလဲ ခင်ဗျားတို့ သောက်ကျင့်မပြင်ရင်(လဒ်စားမြဲစားနေရင်) လူထုကို ရစ်မြဲရစ်နေရင် ညစ်မြဲညစ်ပတ်နေရင် အပိုငွေ လဒ်မထိုးတိုင်း သောက်လုပ်မလုပ်ပဲ တမင်ချောင်ထိုးတဲ့ အကျင့်မပျောက်ရင် တိုင်းပြည်နာတယ် လူထုနာတယ်
လုပ်လာမှာကိုကြိုပြီးမြင်လို့ကြံ့ဖွံ့ရွှေမန်းနဲ့သိန်းစိန်တိုင်ပင်ရိုက်ပြီးကနေကြတာ။
ဒါမျိုးကရိုးနေပါပြီ။ နောက်ဆုံးတော့မလောက်မငှလေးတိုးပြီးသိန်းစိန်နဲ့ရွှေမန်း
၂ယောက်စလုံးကနာမည်ကောင်းယူလိုက်ကြမှာမြင်ယောင်သေးတယ်။
ဦးဂျေယောဝူ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ပြောတဲ့၊ "တစ်ဝက်တိုးပေးမယ် ဆိုရင်တောင် အာဆီယံရဲ့ စံချိန်စံညွှန်းတွေကို မမီသေးဘူး"။ ဆိုတာ ဘာကို ဆိုလိုတာလည်း မသိပါ။ အာဆီယံမှာ သဘောတူထားတဲ့၊ (စံသတ်မှတ်ထားတဲ့) လခ ရှိသလား၊ မရှိသလားတော့ သေသေချာချာ မသိပါ။ ဒါပေမဲ့ လခတွေ မတူတာတော့ သေချာသိပါတယ်။ ဘရူနိုင်းလို၊ စင်္ကာပူလိုမျိုးမှာ လခက အကြမ်းအားဖြင့် ဒေါ်လာ (အမေရိကန် ဒေါ်လာအားဖြင့်) ထောင်ကျော်ပါတယ်။ လာအိုလို၊ ကမ္ဘောဒီယားလိုမှာတော့ လခက (အမေရိကန် ဒေါ်လာအားဖြင့်) ၁၀၀ မကျော်ပါ။ လာအိုက ၅၀$ လောက်ပဲ ရှိပီး၊ ကမ္ဘောဒီယား မှာ ၇၅$ ရှိပါတယ်၊ ဗီယက်နမ်က ၁၀၀$ ကျော်ကျော် လောက်ပဲ ရှိတာပါ။ ဒီ အမတ်မင်း ပြောတဲ့ အာဆီယံလခ ဆိုတာ ဘာကိုဆိုလိုလည်း မရေရာပါ။ ယခင်က မဆလ၊ နဝတ ဝန်ကြီး ဟောင်းတွေကို သရော်တဲ့ ဇာတ်လမ်းများဖြစ်တဲ့ (ဝယ်သာ (weather) မကောင်းလျှင် လဲတတ်လိုက်ဆိုတာမျိုးလို့၊ ရေချိုကို pH7 မကပဲ၊ ပိုကောင်းအောင် pH 9 – 10 လောက်ရအောင် လုပ်ကြကွ ဆိုတာတွေ) ပီးလျှင် ယခုလည်း ဘယ်လောက်မှန်း မသိတဲ့ အာဆီယံလခ တောင်းကြ ဆိုတဲ့ အမတ်တွေ ပေါ်လာပါပီ။
နောက်ပီး ဝန်ထမ်းမျာကြားမှာ အရည်အခြင်း ကွာခြားမှု များလာပါတယ်။ Reserved Forest ကို အရန်သစ်တောလို့ ရှင်းတဲ့ တက္ကသိုလ် ဆရာတွေ့ဘူးပါတယ်။ Reserved Forest ဆိုတာ မြန်မာလို သစ်တောကြိုးဝိုင်းကို ခေါ်တာပါ။ သူက ဘော်လုံးသမားတွေလိုမျိုး၊ အရန်လူ Reserved Player နှင့် သစ်တောတွေကို ရောချ လိုက်တာပါ။ Download and Load down ခွဲ မသိတဲ့ ရန်ကုန်တက္ကသိုလ် ဆရာများလည်း များစွာတွေ့ဘူးသလို၊ Free ရတဲ့ email တွေမှာ (Gmail, သို့ yahoo mail) ကိုယ့်ဘာသာကိုယ် email account ရအောင် မလုပ်တတ်တဲ့၊ ကွန်ပျူတာ တက္ကသိုလ်က ဆရာမလည်း တွေ့ဘူးပါတယ်။
ဒီတော့ လခတိုးလိုခြင်လျှင် သူတို့တွေကို ဒါတွေ သိပါစလို့ပဲ အလျှင် မေးခြင်ပါတယ်။ နောက်ပီး..
ကျောင်းဆရာ၊ ဆရာမတွေ ကျူရှင်ပြတာ အပြစ်မဟုတ်ပါ။ စာသင်တတ်တဲ့ (တနည်းအားဖြင့် စာသင်ခြင်းဖြင့် အသက်မွေးတဲ့လူ) စာသင်စားတာ သမာအာဇီဝပါ။ လခတိုးပေးပီးလျှင်တောင်မှ အပိုဝင်ငွေ လိုအပ်လျှင် လုပ်လို့ ရပါတယ်။ မြန်မာမှာ ဖြစ်တဲ့ ပြဿနာက ရိုးရိုး မဟုတ်ပါ။ ဆရာများက စည်းမစောင့်ခြင်း၊ မလုပ်အပ်သည်များ လုပ်ခြင်းပါ။ လခတိုးတိုး မတိုးတိုး ၊ မလုပ်ရမဲ့ (မလုပ်သင့်တဲ့) ကိစ္စက ကိုယ့် အတန်းထဲက ကလေးကို ကိုယ်ဆီမှာ ကျူရှင် မယူလျှင် ပြဿနာရှာခြင်၊ အတန်းထဲမှာ အပြစ်ရှာခြင်း၊ အမှားလေးမှားလည်း ထိုကလေးကို ရိုက်ခြင်း၊ ကျောင်းမှာ သင်ရိုးကုန် မသင်ပဲ ကျူရှင်မှာမှ သင်ခြင်း၊ မေးခွန်းချသင်ခြင်း၊ စာမေးပွဲမှာ အဆင့်၊ အမှတ် အမှန်အတိုင်း မပေးပဲ မိမိ ကျူရှင်မယူသည့် ကလေးကို နှိမ်ပေးခြင်း စသည်ဖြင့် ကလေးတွေကို စိတ်ဓါတ်ရေးရာ အရထိခိုက်အောင် လုပ်တာတွေက မှ တကယ့် ပြဿနာစစ်စစ်ကြီးပါ။ ကျောင်းမှာ မူလတန်းပြဆရာ၊ အိမ်ပြန်ရောက်လျှင် ကိုယ်ဟာကို တစ်ခြားမှ ၉တန်း၊ ၁၀တန်း ကျောင်းသားများကို ကျူရှင်သင်လျှင် ဘာပြဿနာမှ မရှိသလို လေးစားဖို့ကောင်းပါတယ်။ ခုဖြစ်နေတာက ကျောင်းမှာ မူလတန်းပြ၊ အိမ်ပြန်ရောက်တော့ လည်း အတန်းထဲက ကလေးတွေကို ခေါ်လာပီး ဆက်သင်တာမျိုးပါ။
လခကောင်းကောင်း လိုခြင်လျှင် အရည်အခြင်း ရှိအောင် အလျှင်လုပ်သင့်ပါတယ်။ ခုလို အုတ်ရောရော ကျောက်ရောရောမှာ လခတိုးပေးလျှင်၊ နိုင်ငံတော် အကျိုး မရှိပဲ၊ ငွေသာ ကုန်သွားမှာပါ။
လူသန်း၆၀လောက်ရှိတဲ့ တစ်နိုင်ငံလုံး ဝန်ထမ်း ၆သန်း (၁၀ပုံ၁ပုံ)ဆိုတာ တော်တော် ကြီးကို များပါတယ်။
လူ၁၀ယောက် (ကလေး + လူကြီး + အသက်ကြီး) မှာ ၁ယောက် (လူကြီး) က ဝန်ထမ်းဆိုတဲ့ အချိုးက တော်တော်ကို များနေတာပါ။ ဆိုလိုတာက လူ၁၀ယောက်မှ အလုပ်လုပ်နိုင်သူ (ကလေး - ၁၈နှစ် အောက် နှင့် အသက်ကြီး -၆၀ကျော်) တွေကို နှုပ်လိုက်လျှင် အသက် ၁၈ - ၆၀ က ၄ယောက်လောက်ပဲ ပျှမ်းမျှ ရှိတာပါ။ ထို၎ ယောက်မှာ ၁ ယောက်က (၁၀၀ မှာ ၂၅ ယောက်၊ ၁,၀၀၀ မှာ ၂၅၀ ယောက်) အစိုးရဝန်ထမ်းဖြစ်နေတာ တော်တော် များပါတယ်။ နောက်ပီး နိုင်ငံနှင့် ယှဉ်ကြည့်ရလျှင် ထို ၄ယောက်မှာ ကျန်တဲ့ ၃ယောက်ကလည်း တူတူတန်တန် အလုပ်မရှိတော့ (အလုပ်လက်မဲ့၊ ကျဘန်း) ဝင်ငွေက မသေချာပါ။ ထိုကြောင့် ထိုသူမျာမှ ဝင်ငွေ အခွန်အခ ရဖို့ မသေချာသေးပါ။ ထို့ကြောင့် လခတိုးပေးလို့ မရသေးပါ။
ဖြစ်သင့်တာက လူ ၁၀၀၀မှာ အစိုးရ ဝန်ထမ်းက ၃၀-၄၀ လောက် (၁၀၀မှာမှ ၃-၄ယောက်)အများဆုံး ဖြစ်သင့်တာပါ။ တစ်ချိန်တည်းမှာပဲ၊ ကျန်တဲ့ လူတွေမှာလည်း ထိုက်သင့်တဲ့ အလုပ်ကိုယ်စီ ရှိနေအောင် အလုပ်အကိုင် အခွင့်အရေး ရှိနေမှ၊ (အလုပ်လက်မဲ့ နည်းမှ) နိုင်ငံတော်က သင့်တင့်တဲ့ အခွန်အခများ ရပီး ဝန်ထမ်းများကို လခကောင်းကောင်း ပေးနိုင်မှာပါ။ နိုင်ငံခြားမှာ အစိုးရဝန်ထမ်း ဖြစ်ဖို့ မလွယ်ပါ။ တော်တော် တော်မှ ဖြစ်ပါတယ်။ လခလည်း ကောင်းကောင်း ပေးပါတယ်။ မြန်မာမှာက အလုပ်ရဖို့ မလွယ်ပါ။ (အစိုးရဆီမှာရော၊ ပုဂလိကမှာပါ)၊ ရပြန်လျှင်လည်း၊ အရည်အခြင်းက အဓိက မဟုတ်ပါ။ ထို့ကြောင့် အစိုးရ အရာရှိသာဆိုတယ်၊ ကွန်ပျူတာတောင် မသုံးဘူး (သုံးဖို့လည်း မကြိုးစားဘူး) အင်တာနက်နှင့် အီးမေး ကွဲကွဲ ပြားပြား မသိတဲ့ အရာရှိမင်းများ (ကျောင်းဆရာ ဆရာမများပါ မကျန်) လခတိုးမရသေးတာ စိတ်မပျက်စေခြင်ပါ။
အစိုးရ လုပ်ရမှာက
၁။ လူလျှော့ပါ (အစိုးရ ဝန်ထမ်းကို နည်းနည်းနှင့် ထူးချွန်တဲ့ လူတွေကိုပဲ၊ လူမှန် နေရာမှန် တာဝန်ပေးပါ)
၂။ လခ ကောင်းကောင်းပေးပါ။
၃။ အပြင်မှာ (ပုဂလိက၊ ကိုယ်ပိုင်) အလုပ်အကိုင် အခွင့်အရေးများလာအောင် အလုပ်များ ဖန်တည်းပေးပါ။
၎။ အခွန် ကို စနစ်တကျ ကောက်ပါ၊ အခွန်ရှောင်လို့ မရအောင် စီစစ်ပါ။ (လက်ရှိ အခွန်မှုးများကို ဖြုတ်လိုက်ပါ။)။
၅။ အလုံးအရင်းဝင်ငွေ (ဂက်စ်မှ ငွေ၊ ကျောက်မျက်မှငွေ စတာတွေ) ကို အလုံးအရင်း သုံးရမည့် လုပ်ငန်းများ (တံတားဆောက်၊ လမ်းဖေါက် စတာ) တွေမှာ သုံးပါ။
စစ်တပ်ကလည်း အပြင်မှ လက်နှက်ဝယ်ခြင်းကို လျှော့ပီး ပြည်တွင်းမှာ ထုတ်နိုင်အောင် သုတေသနတွေ၊ စက်ရုံတွေ တိုးချဲ့ပါ၊ ဒါဆိုလည်း ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အရေးများ တိုးလာမှာဖြစ်သလို၊ ကိုယ်ပိုင်နည်းပညာရှိလာမှာဖြစ်ပါတယ်)
ဒါဆိုလျှင် လူလူသူသူ လခ ပေးလို့ ရမှာပါ။
လက်ရှိ အတိုင်းဆိုလျှင်တော့၊ လခတိုးပေးရလျှင် အစိုးရ (လက်ရှိ အစိုးရ ဖြစ်ဖြစ်၊ ဒေါ်စု အစိုးရဖြစ်ဖြစ်၊ နောက်ဆုံ အမေရိကန် အစိုးရဆိုတောင်မှ) လုပ်ပေးနိုင်မည် မထင်ပါ။ လက်ရှိ အချို့သော ဝန်ထမ်းများပြောနေသလို၊ အလုပ်နှင့် ရှိတဲ့ လူ မမျှတ တာတွေ ရှိနေပါတယ်။ ဖြစ်နေရခြင်း အကြောင်းများမှာ ၊ ၁။ လူမှန် နေရာမှန် မဟုတ်၍ အလုပ်မတွင်သဖြင့် ဝန်ထမ်းလူ ပိုမိုလိုအပ်ခြင်း၊ ၂။ အထက်မှ မလိုအပ်သည်များ ခိုင်းနေသည်ကို လိုက်လုပ်နေရ၍ အလုပ်ပိုများနှင့် ရှုပ်နေခြင်း။ ၃။ အလုပ်တွင် (ကြိုးနီ) အဆင့်များနေ၍ မလိုအပ်သော အလုပ်များ (မည်သူမျှ အကျိုးမရှိသော အလုပ်များ) လုပ်နေရခြင်း။ ၄။ ခေတ်စံနစ်နှင့် မလျှော်ညီသော စစ်ကျန်၊ မဆလ လက်ကျန်၊ နဝတ လက်ကျန် လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ ကြောင့် အလုပ် မတွင်ကျယ်ခြင်း စသည်များကြောင့် လိုပိုလိုနေသလို ဖြစ်သော်လည်း အမှန်မှာ လုပ်ငန်းတွင်ကျယ်၊ စံနစ်တကျရှိလျှင် လက်ရှိ လူ ၂-၃ ယောက် လုပ်နေရသော အလုပ်ကို ၁ယောက်မှ ပီးအောင် လုပ်နိုင်လာလျှင် လခ ၂ဆ ၃ဆ တိုးရလာနိုင်စရာ ရှိပါသည်။
ဖြုတ်သင့်တာဖြုတ်၊ ခိုင်းသင့်တာခိုင်း၊ ပေးသင့်တာပေး ဒါပဲလိုချင်တာ
ဘယ်လိုလုပ်ရင်ဖြစ်မလဲဆိုတာသူတို့လူကြီးတွေလုပ်ကြပေါ့ မလုပ်တတ်ရင် ဖယ်ပေးလိုက်လုပ်တတ်တဲ့သူလုပ်လိမ့်မယ်
ဘာတင်ပြတင်ပြမဖြစ်နိုင်သေးဘူးဆိုတာပဲပြောတတ်တာလား
Quoting leo1984:
အဲဒီလိုဝန်ထမ်းဘယ်နှစ်ယောက်ရှိလဲ အရင်ရေကြည့်ပါဦး
ကျွှန်မတို့တော့ ferry ခပေးရတဲ့အပြင် ferry ငှားခွင့်ရအောင် လူစုရသေးတယ် ၀န်ထမ်းအိမ်ယာမှာမနေတာတောင် မိုးလင်းစကနေ မိုးချုပ်ထိ တခါတလေ သန်းခေါင်ယံထိ လုပ်နေရတာ ရှင်အရင်လာလုပ်ကြည့်ဦး အစိုးရ၀န်ထမ်း(ချွင်းချက် လာဘ်မရတဲ့ ကျွန်မတို့လိုဝန်ထမ်းနော်) ၀န်ကြီးသွားလုပ်ဖို့ပြောတာမဟုတ်ဘူး
များများတော့ နှလုံးရောဂါရကုန်ကြပါပြီ။ ကွန့်မန့်တွေလဲတော်
တော်များဖတ်ပြီးပါပီ။ ပညာတတ်ကြီးတွေ၊ပြောတဲ့စကားလဲ အား
လုံးဖတ်ပြီးပါပီ။ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပြောချင်တာက
တော့ ပြောင်းလဲမှုတွေတစ်ခုပြီးတစ်ခုလုပ်လာတဲ့ သမ္မတကြီးဟာ
နိုင့်ငံ့ဝန်ထမ်းတွေရဲ့လုပ်ခ၊လစာများကိုသင့်တော်တဲ့အချိန်မှာ တိုးမြှင့်
ချီးမြှင့်သွားပါမယ်လို့ ဂတိရှိခဲ့ဘူးပါတယ်။ တကယ်ဆို အဆင်မပြေတာတွေကို အဆင်ပြေအောင်အစကတည်းကလုပ်ကြပေါ့။ခုဆို တစ်နှစ်ကျော်လာခဲ့ပီ သင့်တင့်တဲ့အချိန်မကျသေးဘူးလား။ ဒီကိစ္စကို သမ္မတကြီးဦးသိန်းစိန် မကြံဖန်တတ်တော့ဘူးလား။တနည်းနည်းပေါ့။ပြောလာခဲ့တဲ့အချိန်
နဲ့ဆို
။နောက်နှစ်မှဆိုတာတော့ တော်တော်ကိုဝေးပါတယ်။အဲဒီတစ်နှစ်အတွင်းမှာပဲ ဦးသိန်းစိန်အပေါ် အယုံအကြည်ပျက်ကြမှာပါ။သေချာပါတယ်။ပြည်သူကိုအလေးထားပါ။
(၁) ၀န်ထမ်းများအတွက်လို့ဆိုပြီး အသံကောင်းဟစ်လို့ ၀န်ထမ်းတွေကို နှစ်ပဲတစ်ပြားပေးလို့ လူတစ်စုဝေစား (သို့) ခေါင်သူကြီးချယ်လှယ် အုပ်လိုက်တဲ့ "၀န်ထမ်းသက်သာ" ဆိုတာကြီး ရှိနေဦးမှာပဲ။
(၂) တရားဝင် " ဘောင်ဝင်" ဥပဒေလက်တစ်လုံးခြား လုပ်လို့ရတဲ့ ၀န်ထမ်းတွေ လာဘ်လာဘ ရအောင် ချူစားနေကြဦးမှာပဲ။
(၃) ဒီထက်ပိုဆိုးလို့ တရားမ၀င် "ဘောင်ပျောက်" တစ်ကွက်ကျန် တစ်ခါစားဝန်ထမ်းတွေလဲ ဘ၀နဲ့လဲလို့ ရင်းစားနေကြဦးမှာပါပဲဗျာ။
ကျုပ်တို့ဝန်ထမ်းတွေ အများစုဟာ လာဘ်လာဘနဲ့ ၀မ်းစာမရှာချင်ကြပါ။
လောကီလောကုတ်တရာ အနေဖြောင့် အသေဖြောင့်တဲ့ဘ၀နဲ့ လိပ်ပြာသန့်စွာဖြင့်သာ အလုပ်ခွင် ၀င်လိုချင်ကြခြင်းသာဖြစ်ပါကြောင်း.....။
အလွယ် ဥပမာ ပေးရလျှင် စားသောင်ဆိုင်ရ ထမင်းချက် ကို လစာပေးရာမှာ သူချက်နိုင်တဲ့ ဟင်းခွက် အရေအတွက်၊ အရည်အချင်း၊ တွေနှင့် တိုင်းတာပီးပေးတာပါ။ ၁၀၀ကျပ်တန် ဟင်းခွက် ၁၀၀၀ ချက်လျှင် ဆိုင်အတွက် ဝင်ငွေ ၁သိန်းရပါမယ်။ ထို၁သိန်းထဲကမှ အရင်းများ (အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဆီ၊ ဟင်းခတ် အမွှေးအကြိုင်၊ လောင်စာ၊ ချက်ပြုတ်တဲ့ ကရိယာ (ဇွန်၊ အိုး၊ ဒယ်)၊ သိုလျှောင်ခ (ရေခဲသေတ္တာ ကုန်ကျမှု) တစ်ခြားဝန်ဆောင်မှု (စားပွဲထိုး လခ)၊ သန့်ရှင်းရေး၊ ဖျော်ဖြေရေး (သီချင်းဖွင့်ပေးရတာ) စတာတွေ အတွက်) ကုန်ကျမှုတွေကို ပြန်ထုတ်ရပါတယ်။ ပီးမှ စားဖိုမှုးအတွက် လခကို ဖြတ်ပါတယ်။ ပီးလျှင်နောက်ဆုံး ဆိုင် အတွက် အမြတ် ကျန်အောင် တွက်ရပါတယ်။ ဒီတော့ စားဖိုမှုလခက ဟင်းခွက် ၅၀ခွက်စာလောက်၊ (၅၀၀၀ ကျပ်လောက်)ပဲရတာပါ. မြန်မာမှာရော ဝန်ထမ်း များ၏ လုပ်ခ လစာကို ထိုသို့ သေသေချာချာ တွက်ချက်ပီးမှ ပေးတာပါလား။ မလိုအပ်ပဲ ထမင်းချက် ၂ယောက် ၃ ယောက်များ ခန့်ထားနေသလားလို့ ပြန်တွက်ချက် ကြည့်စေခြင်ပါတယ်။
ဒါမှသာ တကယ်စားဖိုမှုးကို လခ သင့်သလို ပေးနိုင်မှာပါ. မဟုတ်လျှင် ၅၀၀၀ ကျပ်ကို စားဖိုမှုး ၃ - ၄ ယောက် ခွဲယူနေရမှာပါ။
ဆိုင်ရှင် အနေနှင့်ကလည်း လခတိုးပေးခြင်ပေမဲ့ စားဖိုမှု ၃ ၄ ယောက်ကိုတော့ တိုးမပေးနိုင်လောက်ပါဘူး။
1.Wealthy Tax specially rich by 1988 to 2010.
2.Investment Firm not free tax 8 year.2% tax minium 10 year and 3% tax after 10 year to until 15 years.
3.No profit factory shut down all .
government sectors .
Should be ok.
4.Transport department.Education Department.Health department .No duty tax free 20 years.
5.All will be ok.
6.Foreign Investment no need tax free.Myanmar is the best place to invest.Only public are day to day living ok, country will stable.
7.All noisy politicain kill off .
8.No chance give to them.For country never work anything just shout democracy, not suit to human right.Just kill them.
ဆရာ ကျောင်းသားအချိုး
ဆရာဝန် လူနာအချိုး ချကြည့်
ပြောရမယ်ဆိုရင် ကုန်တောင် ကုန်မှာမဟုတ်ဘူး
မလိုအပ်တဲ့ကုန်ကျစားရိတ်တွေလျော့ပါ။
ပညာရေးနဲ့ကျန်းမာရေးဘတ်ဂျက်ကိုတိုးပါ....
တစ်နိုင်ငံ ၀န်ထမ်းအင်အားက ၆ သန်းကျော်ပဲရှိတာ
အခုအင်အားနဲ့တောင် ၀န်ထမ်းတစ်ယောက်ကို ၄ယောက်စာ တာဝန်ပေးတော့ ရတဲ့လစာနဲ့ ဘယ်သူမှ အလုပ်မလုပ်ကြတော့ဘူး.. ဥပမာ မြေတိုင်းစာရေးတစ်ယောက်ကို ဧက ၃သောင်းကျော် တာဝန်ယူခိုင်းတော့ သူက ကွင်းမဆင်းတော့ဘူး
စာရွက်ပေါ်မှာပဲစာရင်းကို ထိုင်ညာနေတော့တာ..
GDP အမှန်ကို ဘယ်လိုရတော့မလဲ...
မန္တလေးမှာ ယဉ်ထိန်းရဲတွေ အင်အားလောက်သလား မေးကြည့်....
တကယ်အလုပ်လုပ်ကြမယ်ဆိုရင် ၀န်ထမ်းအင်အားက အများကြီးတောင်လိုနေပါသေးတယ်
အဲတာတွေကို ဘယ်သူတွေလုပ်ခဲ့ကြတာလဲ ? ။ ဘယ်သူတွေက တရားခံတွေလဲ ?
သမ္မတဦးသိန်းစိန် ၏လစာကို တလ ကျပ်ငွေ သိန်း ၅၀ ပေးထားတယ်။ သမ္မတကြီး ဦးသိန်းစိန်အတွက် ကား ၆ စီးနဲ့ ယာဉ်မောင်း ၆ ဦး ဆိုပြီး သွားလေသူ ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေနဲ့ ပြဌာန်းပေးထားပါတယ်။
အခု ပြည်ထောင်စုဝန်ကြီးဆိုသူတဦး လစာက သိန်း ၃၀ ။
လက်ရှိ ပြည်ထောင်စု ဒု-၀န်ကြီးတဦးကို သိန်း၂၀ ။
ဘဏ္ဍာရေးဝန်ကြီးလှထွန်း ရေ…ပြည်ထောင်စုဝန်ကြီးတွေ နဲ့ လွှတ်တော်အမတ်တွေ မတရား လစာတွေ
ယူထားပြီးတော့ ရွှေကိုတစ်လ အနည်းဆုံး (၃) ကျပ်သား ၀ယ်ပြီး စုဆောင်းထားနိုင်ပေမဲ့ အောက်ခြေ
ဝန်ထမ်းတွေကျတော့ မသထာ ရေစာပဲ ပေးထားတယ်နော် ..
ခင်ဗျားတို့သေရင် ကောင်းကင်ကို ကျောခိုင်းမဲ့ သတ္တ၀ါတွေပဲဖြစ်ကြမှာ..တိရ စ္ဆာန် ဖြစ်မှာကိုပြောတာ..အပါယ်ဘုံကိုသွားမှာ..အဲဒီ ဘ၀ကိုရောက်ရင် ခံစားခဲ့ရတဲ့ ပြည်သူတွေက အဲဒီအကြွေးတွေကို
ပြန်တောင်းဖို့ ခိုင်းစားကြမှာနော်။
ညတိုင်း ညတိုင်း အိမ်မက်ထဲမှာ နမိတ်တွေ မရကြဘူးလား?
အချို့သောနိုင်ငံတော်အဆင့် လူကြီးတွေ ဒီဘ၀မှာ လှူဒါန်းခဲ့ ကြတဲ့ အလှူတွေဆိုတာ မသန့်ရှင်းတဲ့ ရထားတဲ့ငွေတွေဆိုတော့
အဲဒီအလှူတွေဟာ ရေဖြည့်ထားတဲ့ အိုးကိုမှောက်ပြီး လှူသလိုဘဲ ဘာမှကုသိုလ်မရဘူးလို့ ရှေးတုန်က ရဟန္တာဆရာတော်ကြီးများ ဟောကြားခဲ့တာတွေ ဖတ်ရဘူးပါတယ်။
အချို့သောနိုင်ငံတော်အဆင့် လူကြီးတွေ အခုချမ်းသာနေတယ်ဆိုတာ အတိတ်ကကံကို ခံစားနေကြတာနော်။
အနာဂါတ်ကတော့ အပါယ်ဘုံဆိုတာမြေကြီးလက်ခတ်မလွဲပါ။
သန့်ရှင်းတဲ့ ငွေနဲ့ လှူဒါန်းမှ ကုသိုလ်ရမှာ။
နေပြည်တော်မှာ ဝန်ထမ်းတွေကို လစာတိုးပေးခဲ့ပေမယ့် လစာနဲ့ မလောက်လို့ ခန္ဓာကိုယ်ကို အချိန်ပိုင်းနဲ့ ရောင်းပြီး အပိုဝင်ငွေရှာနေရတဲ့ ဝန်ကြီးဌာနတချို့က အမျိုးသမီးဝန်ထမ်းတချို့ ရှိနေသလို တိုးတဲ့ လစာနဲ့ မလုံလောက်လို့
ရုံးမှာ ခိုင်းတဲ့ အလုပ်မလုပ်ဘဲ ငြိမ်ငြိမ်ထိုင် ဆန္ဒပြနေတဲ့ အောက်ခြေဝန်ထမ်းတွေလည်း အများအပြားရှိတယ်လို့
ကြားသိရတာကို သိပ်ပြီး ၀မ်းနည်းစရာကောင်းတယ်။
ဒါတွေကို ဦးသိန်းစိန်အစိုးရ မမြင်ယောင်ဆောင်နေတယ်။
နောက်ဆုံးတော့ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် မတရား လစာတွေ ယူထားတဲ့ မသမာလူကြီးတွေအားလုံးပေါင်းပြီး
ပြည်သူလူထုနဲ့ ၀န်ထမ်းတွေ ကို လိမ်နေကြတာတာပဲ။
Quoting leo1984:
Quoting leo1984:
မင်းဘယ်သူကပြောလဲ မီတာခ မပေးရဘူးလို့  အများပြည်သူ အတိုင်း ငါတို့ ဝန်ထမ်းတွေလည်းပေးရတာပဲ ရေလခလည်း ပေးရတာပဲ
တကယ်ကောင်းတဲ့ သုံးသပ်ချက် ဆောင်းပါးလေးပါ။ လူတိုင်းဖတ်သင့်ပါတယ်။
Quote:
အဲဒီအချိန်မှာအခုလို Comment box ဖွင့်ပေးထားတော့ လွှတ်ကောင်းသွားတာပေါ့ဗျာ။
ဈေးကွက်ကို ပြီပြီပြင်ပြင်ဖွင့်ပြီး လုပ်ငန်းရှင်တွေကိုပြိုင်ဆိုင်ခိုင်းလိုက်ပါ၊ ၀န်ဆောင်ခတွေ အပြိုင်လျှော့ချရင် ပြည်သူတွေ စရိတ်သက်သာလာမယ်။
ဈေးကွက်ပွင့်လင်းလာရင် ရောင်းသူဝယ်သူအသံတူလာပြီး ကိုယ်တိုင်ထုတ်လုပ်သူတွေ အကျိုးအမြတ်များလာမယ်၊ ပြည်သူတွေ စားဝတ်နေရေးချောင်လည်လာမယ်။
အဲဒီအချက်တွေက Sanction နဲ့တိုက်ရိုက်ပါတ်သက်တယ်။ ဧပြီကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်မှ Sanction က ဖြည်းဖြည်းချင်းရုတ်မှာဆိုတော့ အချိန်တစ်ခုတော့စောင့်ရမယ်။
သာမန်ပြည်သူတွေ စားဝတ်နေရေးချောင်လည်လာမှ ၀န်ကြီးပြောတဲ့ GDP လည်းတက်လာမယ် အဲဒီတော့မှ လစာတိုးပေးမယ်ဆိုလို့မရဘူး၊ ၀န်ထမ်းတွေလဲ လူတွေပဲ သူတို့လှုပ်ရှားလည်ပါတ်မှု မှန်ကန်ရေးအတွက် လိုအပ်တဲ့
ငွေကြေးချောင်လည်မှုတစ်ခုကို တစ်ပြိုင်တည်း ဖန်တီးမှဖြစ်မယ်။ ဘတ်ဂျက်လိုငွေအရမ်းပြသွားမှာကိုမလိုလားရင် ရာခိုင်နှုန်းအလိုက် နှစ်နှစ်(သို့)သုံးနှစ် ခွဲပြီးတိုးပေးသွားလိုက်၊ အဲဒီကြားထဲမှာ ဆုပေး/ဒဏ်ပေးစနစ်တွေလုပ်လိုက်အုံး
အဲဒါဆိုရင် အခုလက်ရှိရုံးတွေမှာ ထိုင်ငိုက်နေတဲ့ သူတွေအလုပ်ထလုပ်လာမယ်၊ အလုပ်လုပ်တဲ့သူတွေများလာရင် ဘယ်နေရာမှာ လိုနေလဲ ဘယ်နေရာမှာ ပိုနေလဲတွေ့လာမယ်။ ပိုနေတဲ့သူတွေကို ဒီအတိုင်းထုတ်ပစ်လို့မရဘူး၊ အဲဒီတော့
အစိုးရက နေရာတကာလုပ်နေတဲ့အလုပ်တွေလျှော့ချပြီး ပုဂ္ဂလိကကဏ္ဍကို ချပေးလိုက်။ (စက်ရုံတွေ လေလံပေးတိုင်း အဲဒါပုဂ္ဂလိက ကဏ္ဍမဟုတ်ဘူး၊ စက်ရုံလည်ပါတ်မှုအတွက် လိုအပ်တဲ့ Service ပိုင်းတွေဖြစ်တဲ့ ပြုပြင်ထိန်းသိမ်းမှု တိုးချဲ့မှု၊
အကြီးစား အသေးစားပြင်ဆင်မှုတွေကို Outsource လို့ခေါ်တဲ့ ပုဂ္ဂလိက ကိုပေးလုပ်ရမှာ) အဲဒါဆို SME တွေအလျှိုအလျှိုပေါ်လာမယ်။ ပြန်လာပါ ပြန်လာပါခေါ်နေတဲ့ နိုင်ငံခြားရောက် ရွှေတွေပြန်လာကြလိမ့်မယ်၊ သူတို့အတွက်အလုပ်တွေပေါ်မှသူတို့လဲ ပြန်ရဲမှာပေါ့။
အဲဒီပြန်လာတဲ့ သူတွေမှာ ပါလာတဲ့နည်းပညာသစ်တွေနဲ့ SME တွေထွန်းကားလာမယ်၊ စောစောက ဌာနဆိုင်ရာမှာပိုနေတဲ့သူတွေလဲ ထွက်ပေါက်ရပြီး သူတို့မှာရှိတဲ့အတွေ့အကြုံတွေပေါင်းပြီး ပုဂ္ဂလိက ကဏ္ဍကြီးအားကောင်းလာမယ်။ ပြည်သူတွေ စားဝတ်နေရေး ချောင်လည်လာမယ်။
စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ်ပြောင်းလဲဖို့ Road Map (၇) ချက်နဲ့ချီတက်ခဲ့ကြတဲ့သူတွေပဲဗျာ၊ ညံ့မယ်မထင်ပါဘူး။ နောက်ထပ် Road Map တစ်ခုထပ်ဆွဲလိုက်ကြပေါ့ဗျာ။
တစ်ခုပဲ သတိထားသင့်တာက၂၀၁၅အတွက်ကြိုကြည့်ပြီး ဟိုဟာလုပ်ရကောင်းနိုး ဒီဟာလုပ်ရကောင်းနိုးတွေ လုပ်နေမယ်ဆိုရင်တော့၊ အရူးချီးပန်းဖြစ်နေမှာပဲ။ ဘာလို့လဲဆိုတော့ ၄၈နှစ်ဆိုတဲ့ ရာစုနှစ်ဝက်လောက်ကို စစ်အစိုးရအဆက်ဆက် စနစ်တကျဖျက်ဆီးခဲ့တဲ့
ကျွန်တော်တို့ချစ်ကြတဲ့ အမိမြန်မာပြည်ကြီးကို တကယ့်စိတ်ရင်းအမှန်နဲ့ အလုပ်လုပ်ကြဖို့ အချိန်တန်တဲ့အပြင်လွန်တောင်နေပါပြီ။
“ကံကံ၏အကျိုး” “ကိုယ်စိုက်တဲ့စပါးကိုယ်ရိတ်သိမ်းရမယ်” စတဲ့ဘာသာရေးခေါင်းဆောင်တွေရဲ့ လမ်းညွှန်ချက်တွေကို ခေါင်းဆောင်ကြီးများ နားလည်ကြပြီးဖြစ်တဲ့အတိုင်း ကိုယ်လုပ်သမျှ ကိုယ့်ကံကိုယ်ဖန်တီးနေတယ်လို့ သဘောထားပြီး တကယ့်စိတ်ကောင်းစေတနာထားပြီးဆောင်ရွက်ကြမယ်ဆိုရင်
မြန်မာပြည်က ပြည်သူတွေကလဲ ထမင်းစားပြီးကြီးကြတာပါ အတိုအရှည်နားလည်ပါတယ် ၂၀၁၅မှာ ပိုးဆိုးပက်စက်မဖြစ်နိုင်ပါဘူး၊ အရမ်းမပြာကြပါနဲ့၊ အရမ်းမတုန်လှုပ်ကြပါနဲ့ နောက်ထပ် Road Map တစ်ခုချပြီးလုပ်လိုက်ကြပါအုံး၊ အာဏာတည်မြဲဖို့မဟုတ်ဘူးနော် နိုင်ငံတော်ကြီး တိုးတက်-စည်ပင်-သာယာ-ကြွယ်ဝဖို့။
ဝန်ထမ်းတ၀က် ဖြုတ်ပစ်ရင် ကောင်းမယ်
၊အခုလို ပြည်သူတွေအတွက်အရေးကြီးတဲ့ဟာမှာကြတော့ ရှင်ပြကြပါ ဦး
။ေ ပြာကပြောသးတယ်၊လခတိုးပေးမို့ဆိုရင် ငွေစက်ကူတွေရိုက်ရမယ် ဒီလိုဆို ငွေကြေးဖောင်းပွမှုတွေဖြစ်သွားမယ်လေးဘာလေးနဲ့၊ နေပှုတော်မှာ အဆောက်အဦးတွေဆောက်တုးံက လုပ်ငန်းရှင်တွေကို ပိုက်ဆံရှင်းပေးတုးံက ၅၀၀၀တန်တွေရိုက်ပြီးရှင်းပေးတာ ၊ဘယ်လောက်တောင်ရိုက်လိုက်လဲမသိဘူး၊တစ်ထောင်တန်တွေတောင် အကြွေတွေဖြစ်သွားကုန်ပြီ၊ဒါတောင်လုပ်ငန်းတွေကတစ်ဝက်မကျိုးသေးဘူး။ြ
အမေရိကန်သမ္မတပြောသည်
ကျုပ်နိုင်ငံဝန်ထမ်းတွေထဲက တစ်လ ၅၀၀၀ ရတဲ့သူက
တစ်လအသုံးစားရိတ်ရယ် စုဆောင်းငွေရယ်နှုတ်အပြီး တစ်လ ငွေ ၁၀၀၀ ပိုတယ်။
အဲဒီပိုတဲ့ ငွေ ၁၀၀၀ ကိုသူတို့ဘယ်နေရာမှာသုံးပစ်သလဲ ဆိုတာ ကျုပ်မသိဘူး။
ဂရုလည်းမစိုက်ဘူး။
ကျွန်တော်တို့သမ္မတကပြောသည်
ကျုပ်နိုင်ငံဝန်ထမ်းတွေထဲက တစ်လ ၅၀၀၀၀ ရတဲ့သူက
တစ်လအသုံးစားရိတ်က ငွေ ၉၀၀၀၀ ကုန်တယ်။
အဲဒီလိုတဲ့ ငွေ ၄၀၀၀၀ ကိုသူတို့ဘယ်နေရာကရသလဲ ဆိုတာ ကျုပ်မသိဘူး။
ဂရုလည်းမစိုက်ဘူး။
လစာ တိုးပေးမယ်တဲ့....လွှတ်တော်ထဲ အော်လိုက်တယ်....
ထောက်ခံမဲ ၉၉ ရာနှုန်း...
မသိယင်တော့ ........
ဘဏ္ဍာ အခွန် ၀န်ကြီးက ငွေမရှိဘူး တဲ့...
ဝါဇီ စက်ရုံ မှူးကြီးက ရင် တထိတ်ထိတ်နဲ့....စဉ်းစားတယ်..
တော်သေးတယ်...၀န်ကြီးကသာ ငွေရှိတယ်လို့ ပြောလိုက်ယင်..
ဝါဇီမှာ ငွေစက္ကူရိုက်ဘို့ စာရွက် မရှိဘူးလို့ ပြောရမှာ တဲ့...
ဆိုလိုတာက ငွေကြေးပမာဏ ကိန်းဂဏန်း အခေါ်အဝေါ်တွေသာ များလာတဲ့ပြောင်းလဲမှု့မျိုး မဖြစ်ဖို့လိုသဗျ
အစိုးရအနေနဲ့ လစာတွေ မကြာခဏမြှင့်ပေးနေသလို ဝန်ထမ်းအရည်အချင်းတွေလည်း မြှင့်တင်ပေးဖို့ အထူးလိုအပ်နေပါ၏ စည်းကမ်းမဲ့ အကျင့်ပျက်ဝန်ထမ်းတွေ အရေးယူပုံလည်း ပြောင်းလဲဖို့သလိုသဗျ
အခုဆို တစ်ချီကောင်းတွေလုပ်ပြီး အငြိမ်းစားဂုဏ်ပုဒ်တွေနဲ့ အပြင်မှာ ဒူးနှံ့ပြီးနေသူတွေအများသား
နောင်အလားတူမျိုး ကြိုတင်ကာကွယ်ပြီးသားဖြစ်အောင် နံမည်ပျက်စာရင်းသွင်း အလွဲသုံးစားလုပ် မတရားရယူ ပိုင်ဆိုင်ထားကြတဲ့ ပိုင်ဆိုင်မှု့တွေကို နိုင်ငံတော်ပိုင်သိမ်း နောက် စည်းကမ်းနဲ့တာဝန်ကျေတဲ့ ဝန်ထမ်းတွေကို ခံစားခွင့်တွေတိုးပေးပေါ့ဗျာ
ဒီတစ်ခါတော်တော် မြတ်တယ်ဗျ...