Thursday, March 15, 2012

သန့်ရှင်းမွန်မြတ်သော စေတနာနှင့် ပြည်သူတို့၏ အပြုံးများ


မနေ့ နေ့လည်ခင်းတွင် ကျွန်တော်တို့ နိုင်ငံ့ ဝန်ထမ်းများ အတွက် ဝမ်းသာစရာ သတင်းတစ်ပုဒ် ကြားလိုက် ရပါတယ်။ နိုင်ငံ့ ဝန်ထမ်းတွေ အတွက် အပို ထောက်ပံ့ကြေးများ ထပ်မံ ဖြည့်ဆည်း သွားမယ်လို့ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယိုတွေကနေ ထုတ်လွှင့် သွားပါတယ်။ စ ကြားကြား ခြင်းကတော့ ကိုယ့်ကိုကိုယ်တောင် သိပ်မယုံချင် သလို လိုဖြစ်ခဲ့ပြီး ယခင် လွှတ်တော်မှာ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဖြေကြားသွားတဲ့ စကား တွေရယ် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ထပ်မံ တင်သွင်းတဲ့ စကားတွေ ရယ်ကြောင့် စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်ခဲ့ရ ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းတွေ ကြားကနေ အခုလို နိုင်ငံတော် သမ္မတကြီးရဲ့ စေတနာ တွေကြောင့် နိုင်ငံ့တာဝန် ထမ်းဆောင် နေကြတဲ့ ဝန်ထမ်းတွေ အတွက်ကတော့ အားရ ကျေနပ်ဖွယ် သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါသည်။
ကြည့်လေ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ထုတ် သတင်းစာမှာ အမိန့် ကြော်ညာစာ နဲ့ တရားဝင် ပါလာပြီ။ အမိန့် ကြော်ငြာစာ အမှတ် ၁၀၀/ ၂၀၁၂ နဲ့လေ။ နိုင်ငံတော် အတွင်း နိုင်ငံတော် တာဝန်ကို ထမ်းဆောင် လျက်ရှိကြသည့် နိုင်ငံ ဝန်ထမ်းများအား အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀/-(သုံးသောင်း ကျပ်တိတိ) ခံစားခွင့် ပြုလိုက်ပြီး တပ်မတော် (ကြည်း/ ရေ/ လေ) ဝန်ထမ်းများ ကိုလည်း စားဝတ်နေရေး သက်သာ ချောင်လည်မှု ရှိစေရန် တပ်မတော်မှ သတ်မှတ် ထားသော လစာနှင့် စရိတ် နှုန်းတားများ အပြင် အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀/-(ကျပ် သုံးသောင်းတိတိ) ကို လစဉ် ခံစားခွင့် ပြုထားပြီး နေ့စား အလုပ်သမားများ အတွက် အပို ထောက်ပံ့ကြေး အဖြစ် နေ့စဉ် လုပ်ခ ကျပ် ၂၁၀၀/- (ကျပ်နှစ်ထောင့် တစ်ရာတိတိ) တို့ကို ဧပြီလ ၁ ရက်နေ့မှစပြီး ခံစားခွင့် ပြုကြောင်း ဖော်ပြပါရှိပါတယ်။
“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်သည် ” ဆိုတဲ့ စကားပုံလေးတစ်ခု ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ ထိုနည်းတူစွာ ကျွန်တော်တို့ နိုင်ငံသည်လည်း နိုင်ငံတော်ကြီး အေးချမ်း တည်ငြိမ်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ငြိမ်း ချမ်းရေး ရယူခဲ့ပြီး ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ လိုလား တောင့်တချက် တွေကို အမြဲ ဖြည့်ဆည်း ပေးနေတဲ့ နိုင်ငံတော် သမ္မတကြီးအား ပြည်သူများ အားလုံးနှင့်ထပ်တူ ကျေးဇူးအထူး တင်ရှိပါတယ်။ အေးမြတဲ့အရိပ် အာဝါသ ကြောင့် ပြည်သူတွေရဲ့ မျက်နှာပြင် တွေမှာလည်း ပီတိအပြုံးများ တွေ့မြင်နေရပြီ ဖြစ်သည်။ ပြည်သူတွေ လိုလား တောင့်တတဲ့ ဧရာဝတီ မြစ်ဆုံ ကိစ္စကို ရပ်ဆိုင်း ခဲ့တာဟာလည်း ပြည်သူများ အတွက်၊ ယခုကဲ့သို့ နိုင်ငံတော်တွင် တာဝန် ထမ်းဆောင်လျက် ရှိနေသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ကြေး တိုးပေးတယ် ဆိုတာလည်း ပြည်သူများ အတွက်ပဲ ဆိုတာ အထင်အရှား ဖြစ်နေပါပြီ။
ဒါပေမယ့် ပြည်သူတွေရဲ့ လိုအင် ဆန္ဒတွေကို အကျပ်အတည်း တွေကြားထဲမှ အခုလို ဖြည့်ဆည်း ပေးခြင်းကို အခြားသော ဝေဖန်သူများ ကလည်း နှောင့်ယှက်လျက် ရှိနေကြသည်။ ယခုအချိန်တွင် မဟုတ်ပါ။ သတင်းမှန် တွေကို သတင်းမှား ပြောဖို့ စောင့်ဆိုင်း လျက်ရှိနေကြတာ အခြေအနေ တိုင်း လိုလိုမှာပါပဲ။ လစာ တိုးမယ်လို့ ကြားပြီဆိုက တည်းက ကုန်ဈေးနှုန်း လည်း တတ်လာမယ် စတဲ့ အမျိုးမျိုးသော ဝေဖန်မှု တွေကို တွေ့မြင် နေရမှာ ဖြစ်ပါတယ်။ ယခင်ကတည်းက အကောင်းဘက် ကမရှိ အဆိုးဘက်ကတွေး အဆိုးဘက်က ဝေဖန်မှုတွေ ရှိနေသော်လည်း နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတွေ အေးချမ်းသာယာမှု တွေအတွက် နိုင်ငံတော် သမ္မကြီးရဲ့ ပြည်သူတွေအပေါ်ထားရှိတဲ့ မှန်ကန်တဲ့ စေတနာ တွေကြောင့် ပြည်သူများနှင့်အတူ ကျွန်တော်တို့ ကလည်း နွေးထွေးသော အပြုံးများဖြင့် ဝေဆာစွာ ကမ်းလင့် ကြိုဆို နေမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။ မိုးမြင့်ယံ

No comments:

Post a Comment